Skip to main content

နောက်ဆုံး၌ အများဆုံးနစ်နာမည့်သူ

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တစ်နှစ်ခန့်သာလိုတော့သည့် အချိန်၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အမျိုးသား ကြားဖြတ်အစိုးရက တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့စည်းဖြစ်ပေါ် လာစေရေးအတွက် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိသလို ဆန့်ကျင်ဘက်တွင်လည်း သခင်စိုး ခေါင်းဆောင်သည့် အလံနီကွန်မြူနစ်ပါတီက လယ်သမားများကို မြှောက်ပင့်ပေးကာ ဆန်လုပွဲများ ကျင်းပခြင်း၊ သီးစားခ မပေးရေး၊ မြေခွန်မပေးရေး၊ အမတော်ကြေး ပြန်မဆပ်ရေးတို့ လှုံ့ဆော်ကာ အနှောင့်အယှက် ပေးလျက်ရှိသည်။ ထို့အပြင် သခင်သန်းထွန်း ခေါင်းဆောင်သည့် အလံဖြူကွန်မြူနစ်ပါတီကလည်း မြေပေါ်နိုင်ငံရေးပါတီတစ်ခု အနေဖြင့် ၎င်း၏ဩဇာခံ တောင်သူလယ်သမားသမဂ္ဂများမှ တစ်ဆင့် သီးစားခမပေးရေးနှင့် မြေခွန်မပေးရေးတို့ကို တောင်သူ လယ်သမားများအား သွေးထိုးလှုံ့ဆော်လျက်ရှိကြသည်။

ကွန်မြူနစ်အဖြူ၊ အနီတို့၏လုပ်ရပ်များက အမျိုးသား ကြားဖြတ်အစိုးရ၏ နိုင်ငံအုပ်ချုပ်ရေးနှင့် စစ်ပြီးကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိခိုက်စေသည့်အပြင် နိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိစေရန်ဆိုသည့် ရည်ရွယ်ချက်ကြီးကိုပါ နှောင့်နှေးစေနိုင်ခြင်းကြောင့် ယင်းလုပ်ရပ်များကို ရပ်တန်းကရပ်ကြရန် ဗိုလ်ချုပ်အောင်ဆန်းက သတိပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် မတ်လ ၂၁ ရက်နေ့ မြန်မာ့အသံမှ လွှင့်ခဲ့သည့် မိန့်ခွန်းတွင်-

“အခွန်ဘဏ္ဍာကို တိုင်းသူပြည်သားတို့က မပေးဘဲ ငြင်းဆန်ခြင်းသည် တိုင်းပြည်နိုင်ငံ၏ စီးပွားရေးကို အစိတ်စိတ်အမြွာမြွာ ဖြစ်အောင် ဖြိုခွဲဖျက်ဆီးပစ်ခြင်းပင်ဖြစ်၍ ဤသို့ နိုင်ငံစီးပွားရေး ကြီး ပြိုကွဲသွားပါက နောက်ဆုံး၌ အများဆုံးအနစ်နာခံရမည့်သူ တို့မှာ တိုင်းသူပြည်သားလူထုပင် ဖြစ်သည်။ မည်သည့် တိုင်းပြည်မဆို တိုင်းသူပြည်သားတို့ကတိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်ပုဂ္ဂိုလ် ပီပီ ဤအခြေခံ ပြည်သူ့ဝတ္တရားဖြစ်သော အကောက်အခွန် ပေးဆောင်ရေးတာဝန်ကို ထမ်းရွက်ချင်စိတ်မရှိရင် ထိုတိုင်းပြည်သည် လွတ်လပ်ရေးမရနိုင်။ တည်တံ့သော ဘဏ္ဍာရေးတည်း ဟူသော ခိုင်လုံသည့် အုတ်မြစ်ပေါ်တွင် မတည်ဆောက်ဘဲလည်း မည်သည့်လွတ်လပ်ရေးမျှ မြဲနိုင်မည်မဟုတ်ပေ ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် မြေခွန်၊ အမတော်ကြေးတို့ပေးဆောင်ရန် အမှန်တကယ်ခက်ခဲနေသူများ၊ နစ်နာနေသူများမှာ မည်သို့ဖြေလျှော့ ဆောင်ရွက်ပေးနိုင်ကြောင်းလည်း ပြောကြားခဲ့ပြီး အခွန်မပေးစတမ်း ဇွတ်ငြင်းနေသူများနှင့် အခွန်မထမ်းဆောင်ရေး၊ အမတော်ကြေး ပြန်မဆပ်ရေး လှုံ့ဆော်နေသူများကို ကျပ်တည်းစွာ သတိပေးခဲ့သည်။

လွတ်လပ်ရေးရရှိရန်လက်တစ်ကမ်းမျှအလိုကာလ ထိုအချိန်က မြန်မာ့နိုင်ငံရေးတွင် ဗျူရိုကရက် လက်ယာနိုင်ငံရေးသမားဟောင်းများ၊ လက်ဝဲကွန်မြူနစ်များသည် ၎င်းတို့၏ ကိုယ်ကျိုးနှင့်ယှဉ်၍ နိုင်ငံအာဏာရယူရေး၊ နိုင်ငံရေး ရန်ငြိုးရန်စများအတွက် ရန်တုံ့မူရေးတို့ကို ရည်ရွယ်ကာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အမျိုးသားကြားဖြတ်အစိုးရ၏ လုပ်ငန်းစဉ် များကို အနှောင့်အယှက်ပြု၊ ကဖျက်ယဖျက်လုပ်နေကြခြင်းပင် ဖြစ်သည်။ ကိုယ်ကျိုးရှာမှုအတွက် ပြည်သူကို စော်ကားကာ တိုင်းပြည်ကို ချောက်ထဲသို့ ဆွဲချနေသူများကို လျောက်ပတ်စွာ ဆုံးမရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက သတိပေးခဲ့သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ အသက်ပေးသွားခဲ့ရသည့် နှစ်ပေါင်း  ၇၄ နှစ်မြောက်ကျရောက်လာပြီဖြစ်သည့် ယခုနှစ်သည် နိုင်ငံတွင် အရေးပေါ်ကာလအခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရချိန် ဖြစ်သည်။ နိုင်ငံသူနိုင်ငံသား ပြည်သူလူထုတို့ကို ထိခိုက်နစ်နာစေမည့် “ငြင်းဆန်ရေး အမျိုးမျိုးတို့ကို ပြုလုပ်ရန် အဖျက်သမား တို့၏ သွေးထိုးလှုံ့ဆော်မှုများကို သတိပြုဆင်ခြင်ကြရမည့် ကာလလည်းဖြစ်သည်။ လုပ်ငန်းခွင် မဝင်ရေး၊ ကျောင်းမတက် ရေး၊ အခွန်မဆောင်ရေး၊ လျှပ်စစ်မီတာခ မပေးဆောင်ရေး အပါအဝင် ငြင်းဆန်မှုအားလုံးတို့ကို နောက်ဆုံး၌ အများဆုံးထိခိုက် ခံစားကြရမည့်သူများမှာ ပြည်သူများသာဖြစ်သည်ကို သတိမူလျက် သွေးထိုးလှုံ့ဆော်မှုအမျိုးမျိုးတို့ကို ဆင်ခြင်တုံတရား လက်ကိုင်ထားကာ ဖယ်ရှားနိုင်ကြပါစေကြောင်း။  ။