နေပြည်တော် ဇူလိုင် ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၇/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်အကြောင်း၊ COVID-19 ကပ်ရောဂါအခြေအနေနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပညာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု ကိစ္စရပ်များ၊ အကြမ်းဖက်အဖွဲ့အစည်း များ၏ လုပ်ဆောင်မှုများနှင့် သတင်းအမှားများ၊ ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက်လုပ်ရပ်များ တွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် ပတ်သက်ခဲ့သူများ၏ ထွက်ဆိုချက်များကို PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က မဲဆန္ဒရှင်စာရင်းများစိစစ်ထုတ်ပြန်ပြီးစီးမှု အခြေအနေ၊ ဆန္ဒမဲလက်မှတ်များ မြေပြင်ကွင်းဆင်း စစ်ဆေးထုတ်ပြန်ပြီးစီးမှုအခြေအနေနှင့် တွေ့ရှိရသည့် ဥပဒေနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များ က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာအချက်အလက်များ၊ အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ဆက်နွယ်သူများ၏ အချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်း လက်တွေ့စစ်ဆေးချက်များနှင့် သိရှိနိုင်ရန်လိုအပ်သည့် တွေ့ရှိချက်များကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်း ဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)