နေပြည်တော် ဇူလိုင် ၁၂
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အထူးသဖြင့် ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရာ၌ စနစ်တည် ဆောက်ခြင်းမှာ အရေးကြီးပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးမပြု၍မရပါကြောင်း၊ ပြီးပြည့်စုံအောင် စဉ်းစားတည်ဆောက်ထားသည့် ဒစ်ဂျစ်တယ် Platform တစ်ခုမရှိဘဲ ရာခိုင်နှုန်းအပြည့်နီးပါး မှန်ကန်တိကျသည့် အစီအစဉ်တစ်ခုမဖြစ်နိုင်ပါကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အရှည်တည်တံ့နိုင်ရေးအတွက် လူမှုရေး အထောက်အပံ့ဥပဒေ(မူကြမ်း)ကို စတင်ရေးဆွဲနေပါကြောင်း၊ အပြီးသတ်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ၏ အကျိုးကျေးဇူးများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်း များအား ဆွေးနွေးသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်လျက်ရှိသော လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုများအားလည်းကောင်း၊ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းများအတွက် အထောက်အကူပြု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မှုများအား တင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းနှင့် ကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)