Skip to main content

ပြဿနာရဲ့ရင်းမြစ်အခြေခံက ဘာလဲ၊ ဆုံးဖြတ်မှန်ဖို့ အဖြေရှာစို့

တစ်ဦးတစ်ယောက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံပင် ဖြစ်စေကာမူ ချီတက်နေတဲ့ လမ်းကြောင်းတစ်ခုပန်းတိုင်ရောက်ဖို့ အလှမ်းဝေးနေဆဲဆိုရင် မတိုးတက်ဘူး၊ အောင်မြင် သင့်သလောက်မအောင်မြင်ဘူးဆိုရင် ကိုယ့်ကိုယ် ကိုယ်ပြန်ဆန်းစစ်ပါ။ ဘယ်နေရာမှာ အမှားများနေ သလဲ၊ ဆုံးဖြတ်ချက်တွေ တလွဲဖြစ်နေသလား၊ ဘယ်အချက်တွေပြုပြင်ရမလဲ၊ ဘယ်သူက ဖောက်နေ သလဲ၊ စေ့စေ့ငငကို လေ့လာသုံးသပ် အဖြေရှာရမှာ ဖြစ်ပါတယ်။

အခက်အခဲပြဿနာနှင့်ပဋိပက္ခ ကျွန်တော်တို့တစ်တွေအားလုံးဟာ နိစ္စဓူဝ အခက်အခဲ တစ်ခုမဟုတ် တစ်ခု၊ ပြဿနာ တစ်ရပ် မဟုတ်တစ်ရပ်ကြုံဖူးကြမှာပါ။ တချို့အရာတွေက သေးသေးမွှားမွှားပါ။ မနက်အိပ်ရာထတာနဲ့ ပြဿနာ အသေးလေးကနေ စတာပါပဲ။ အိပ်ရာထဖို့ Alarm ပေးထားပေမယ့် တိတိကျကျ ထရမလား၊ နောက်ထပ် ဆယ်မိနစ်လောက် ထပ်အိပ်ရမလား၊ ဖြစ်သင့်တဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ အရဲစွန့်ရမယ့်အခြေ အနေ နှစ်ရပ်ကြားမှာ တွက်ချက်စဉ်းစားရတတ်ပါတယ်။

အလုပ်ရှိရင် အခက်အခဲဆိုတာရှိမယ်၊ ပြဿနာ ဆိုတာ ရင်ဆိုင်ရမှာပါ။ ကြုံတွေ့ရတဲ့ အခက်အခဲ တစ်ခု မဖြေရှင်းနိုင်ရင် ပြဿနာဖြစ်တော့တာပါပဲ။ ဖြစ်နေတဲ့ပြဿနာ မကိုင်တွယ်တတ်ရင်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချမှတ်နိုင်ဘဲ ပြဿနာကနေ ပဋိပက္ခအသွင် ရောက်သွားနိုင်ပါတယ်။ အခက်အခဲ အသေးအမွှားလေးကအစအလေးထားတတ်ဖို့တော့ လိုပါတယ်။ အခက်အခဲတွေစုပြုံလာရင် အန္တရာယ် များတဲ့အခြေအနေတစ်ရပ် (Dangerous Situation) ကို ရောက်သွားတတ်ပြီး ဖြေရှင်းရခက်တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေအဖြစ် ကူးပြောင်းရောက်ရှိသွား နိုင်ပါတယ်။ ။

အမှားတွေအများကြီးထဲက တစ်ခါတလေ ကိုယ်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု မှန်သွား ရင်တောင်မှ ကံကောင်းလို့၊ တိုက်ဆိုင်သွားလို့ဆိုတဲ့ အမှန်ကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတာမျိုး ထားရှိသင့်ပါတယ်။ ခြားနားတဲ့အမြင်တွေက ပြဿနာရဲ့အစပျိုးရာ တချို့သူတွေဟာ နေ့စဉ်ဆုံးဖြတ်ချက် ချရတဲ့ အရေးပါတဲ့ Decision Maker အဖြစ် ကြီးမားတဲ့ တာဝန်ယူရသူတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင်လည်း အဆုံးအဖြတ်ပေးရသူတစ်ယောက် အဖြစ်တစ်ခါတစ်ရံ ပါဝင်ရသည်များလည်း ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း မှားဖူးပါတယ်။ မမှားတတ်တဲ့ ဦးဆောင်သူ ဟူ၍လည်း မတွေ့ဖူးသေးပါဘူး။ တစ်ခါတလေ ဦးဆောင်သူကမမှားဘဲ ကိုယ့် လုပ်ဖော် ကိုင်ဖက်တွေကြေကြောင့် မှားတာ၊ တစ်ခါတစ်ရံ ဦးဆောင်သူကိုယ်တိုင်ကမှားပြီး ကိုယ့်ဝန်ထမ်းတွေက မှန်နေတာမျိုးလည်း ကြုံဖူးကြပါတယ်။ အထူးသဖြင့် အခြေအနေတစ်ရပ်ဟာ ရှုပ်ထွေးတဲ့ အနေအထား တစ်ရပ်မှာဆို မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်ဖို့ရာ အလွန်ခက်ခဲနေတတ်ပါတယ်။

အတွေ့အကြုံအရ အဖွဲ့ဝင်တွေနဲ့ဦးဆောင်သူ ကြားမှာ ရည်မှန်းချက်တွေမတူ၊ ရည်ရွယ်ချက်တွေ ကွဲပြားပြီး အမြင်တွေ့ခြားနားနေတာကြောင့် လည်း ဖြစ်နေပါလိမ့်မယ်။ စာအုပ်ပေါ်မှာ ရည်မှန်းချက် တိတိကျကျ ရေးသားထားရင်တောင်မှ အဖွဲ့ဝင်တွေအပေါ်မှာ ဦးဆောင်သူရဲ့ လွှမ်းမိုးမှုကြောင့် ဖော်ပြခွင့်မရလို့ ကြိတ်မှိတ်သိမ်းဆည်းထားရတဲ့ ရည်ရွယ်ချက်အသီးသီးတွေ ရှိနေနိုင်လို့ဖြစ်ပါတယ်။

အကျေအလည် ညှိနှိုင်းယူမှရမယ့် ကိစ္စမျိုးပါ။ ဒီနေရာမှာ ဦးဆောင်သူနဲ့ မိမိအဖွဲ့ဝင်များအကြား အားလုံးပါဝင် ပေါင်းစပ်ညှိနှိုင်းမှု စွမ်းပကားသည် အထူးအရေးကြီးတယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ ပေါင်းစပ်ညှိနှိုင်းမှုဆိုတဲ့အချက်ဟာ ပြဿနာကို ဖြေရှင်းရာမှာ ပဓာနကျတဲ့အချက်တစ်ခုလည်းဖြစ် ပါတယ်။ ဒါပေမဲ့“ဆရာများသားသေ” ဆိုသလိုပေါ့ “ငါးသိုင်းများရင် ဟင်းဟုန်တတ်တာလည်း” သတိပြုပါ။

ကွာဟချက်တွေကို ခွဲခြားစိတ်ဖြာအဖြေရှာမှ နီးစပ်မည်

ပြဿနာဆိုတာ အပေါ်ယံမျှ သဘောထားရုံမျှ မဟုတ်၊ တစ်ခါတစ်ရံမှာ အလေးအနက်ထား ဖြေရှင်း ရမယ့် အခြေအနေတွေရှိပါတယ်။ ကိုယ်တာဝန်ယူ တာဝန်ခံရတဲ့ အလုပ်ကိစ္စရပ်အပေါ် မူတည်ပြီး ပြဿနခအကြီးအသေးရှိတတ်ပါတယ်။ ကိုယ့်အဖွဲ့တွေကြားမှာ ရည်ရွယ်ချက်တွေ မတူကြတာဟာ ကိုယ်စီအတွေးတွေ၊ အမြင်တွေမတူကြတာကြောင့် ဆိုတာ သိနိုင်သလို ကိုယ်သိထားတဲ့ အတွေ့အကြုံ နောက်ခံဗဟုသုတ အချက်အလက်တွေကွာဟမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မိမိရဲ့ အကျိုးစီးပွားအခြေခံတဲ့ Interest တွေ မတူကြတာလည်း ဖြစ်နိုင်ပါတယ်။ အတွေးကော ဗဟုသုတမှာပါ ကွာဟချက်ကြီးမားနေရင် “The Idea, thought and Knowledge gap" မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ခဲယဉ်းပါတယ်။ ကွာဟချက် ကြီးမားလွန်းသူတွေအကြား အများဆန္ဒနဲ့ ဆုံးဖြတ် မယ်ဆိုလည်း အဖြေမှန်မရနိုင်တာ ကြုံဖူးကြပါ လိမ့်မယ်။ ဒါ့ကြောင့် ဦးဆောင်သူနဲ့သူ့အဖွဲ့ဝင်တွေ ကြားမှာ အတွေးတွေနီးစပ်ဖို့ လိုပါတယ်။ ခံယူချက်တွေ မကွာဖို့လိုပါတယ်။ တူညီတဲ့ရည်မှန်းချက် တစ်သမတ်တည်းဖြစ်ဖို့လိုပါတယ်။ ဗဟုသုတတွေ သိပ်မဝေးဖို့ အစဉ်မျှဝေနေဖို့လိုပါတယ်။ ပါဝင် ပတ်သက်သူ (stakeholder)တွေအကြား ရည်မှန်းချက်ကို အရောက်ပို့နိုင်မယ့် အကျိုးစီးပွား Interest နဲ့ သူတို့ရဲ့ စွမ်းအား (Power) ကို ထည့်သွင်းတွက် ချက်ပြီး ပါဝင်ပတ်သက်သူတွေကို ခွဲခြမ်းစိတ်ဖြာ (Stakeholder Analysis) ကို လုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

ပြဿနာရဲ့ အမိကရင်းမြစ်ကို အဓိကအာရုံစိုက်ရန်လို

လူအများစုဟာ နေ့စဉ်ပြဿနာတွေနဲ့ ခရီး သွားနေရပေမယ့် တကယ့်ပြဿနနာအရင်းခံ (Root Cause) ကိုတော့ ရှာတွေ့ဖို့ ခဲယဉ်းနေတတ်ပါတယ်။ ကြိုးစားရှာဖို့ အားမထုတ်ကြတာလည်းရှိနိုင်သလို ပြဿနာရဲ့ အတိုင်းအဆ အဆင့်အတန်း (Problem situation) ကို သတ်မှတ်ဖို့ အရည်အချင်း လိုအပ် တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ။

ပြဿနာရဲ့ အရင်းအမြစ်နဲ့ ပြဿနာရဲ့ အတိမ် အနက်ကို မစူးစမ်းမလေ့လာဘဲ ဆုံးဖြတ်မိတဲ့အခါ အမှားတွေ့နိုင်တာပေါ့။ ပြဿနာရဲ့ အရင်းအမြစ် ကို ဖုံးဖိထားတဲ့အချက်တွေကိုလည်း သိရှိဖို့လိုပါ တယ်။ ဘယ်အရာတွေက ဖုံးကွယ်ထားသလဲ။ ပြဿနာရဲ့ အစကို အဓိကဖုံးကွယ်ထားတတ်တာက အဂတိတရားလေးပါးပဲဖြစ်ပါတယ်။ ဘက်လိုက် ခြင်း၊ စိတ်ဆိုးခြင်း၊ တွေဝေခြင်း၊ ကြောက်ရွံ့ခြင်း စတဲ့ တရားတွေပေါ့။ လူမှုရေးကလည်း ပါတတ် ပြန်သေးတယ်။ အဂတိနဲ့လူမှုရေးပေါင်းမိသွားရင်တော့ ပြဿနာရဲ့ မူလဘူတကို မရှာနိုင်တော့ပါဘူး။ ပြဿနာရဲ့ အကြောင်းတရားများကို ရှာဖွေနိုင်မှလည်း တကယ့်ပြဿနာအစစ်ကို ဖော်ထုတ် သတ်မှတ် Problem Identify လုပ်နိုင်မှာဖြစ်ပါတယ် (focus the problem ရောဂါကုသရာမှာ ရောဂါရဲ့ ဝေဒနာတွေကို ကုသနေရုံနဲ့မပြီးပါဘူး။ ဒီဝေဒနာ လက္ခဏာတွေပေါ်လာရခြင်းရဲ့ အကြောင်းတရားကို ရှာကုရတဲ့သဘောပါပဲ။

ပြဿနာဖြေရှင်းနည်းလမ်းပုံစံတစ်ခု တည်ဆောက်ကြည့်ပါ

ဒါ့ကြောင့် မိမိပြဿနာရဲ့ အခြေခံကိုရှာဖွေပြီး ဖြေရှင်းနိုင်မယ့်ကိုယ်ပိုင်ပုံစံ (Problem Solving Model) (သို့မဟုတ်) အဖွဲ့ အစည်းတွေမှာဆိုရင် Problem Solving Framework တစ်ခု မဖြစ်မနေ သတ်မှတ်ထားရှိသင့်ပါတယ်။ ဒီလိုသတ်မှတ်ထား ရှိမှုဟာ သက်ဆိုင်ရာအဖွဲ့ အစည်းရဲ့ အမူအကျင့် (organization behavior) နဲ့လည်း သက်ဆိုင်ပါတယ်။ အဖွဲ့အစည်းရဲ့ အစဉ်အလာ (Culture) နဲ့ အဖွဲ့ဝင်တွေရဲ့ စိတ်နေစိတ်ထား (Mindset) ၊ ခေါင်းဆောင်မှု Leadership)၊ ဖန်တီးနိုင်မှု(Creativity)၊ အဖွဲ့ တည်ဆောက်ပုံ (Structure) နဲ့ အရင်းအမြစ် (Resource) တို့ကို ထည့်သွင်းစဉ်းစားရပါတယ်။

ဒီလိုအဖွဲ့ ရဲ့ အမူအကျင့်တွေဟာ ပြဿနာရဲ့ အရင်းအမြစ်ကို ဖော်ထုတ်နိုင်ဖို့ ခွဲခြမ်းစိတ်ဖြာ (Problem Analysis) ပြုလုပ်ပြီး ဖြေရှင်းနိုင်မှုအပေါ် များစွာသက်ရောက်မှုရှိပါတယ်။ ပြဿနာဖြစ်ပွား ရာအစသည် လူအနည်းစုမှာ အရင်းခံသလား၊ လူအများစုမှာရှိနေတာလား၊ ဘယ်အုပ်စုတွေမှာ ပိုအဖြစ်များသလဲ (အသက်အုပ်စု၊ ကျားမအုပ်စု) စသည်ဖြင့် ဘယ်အချိန် ဘယ်အခြေအနေတွေမှာ ပိုဖြစ်တတ်သလဲ သက်ရောက်မှုပမာဏ extent of impact (နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စနစ်ကြောင့်လား၊ စနစ်ကောင်းပေမယ့် ခေါင်းဆောင်မှုကြောင့်လား၊ ဦးဆောင်သူနဲ့ လိုက်ပါသူ အဖွဲ့ဝင်တွေအကြား စွမ်းဆောင်ရည် ကွာဟချက်ကြောင့်လား၊ သက်ဆိုင် ရာ ဘာသာရပ်နယ်ပယ်မှာ ကျွမ်းကျင်မှုရှိပေမယ့် တာဝန်မပေးတတ်တာလား၊ ဖန်တီးတီထွင်မှု အားနည်းတဲ့အချက်တွေကြောင့် လား၊ စသဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်ရင် ပြဿနာရဲ့ ဇာစ်မြစ်ကို တူးဆွ ရှာဖွေနိုင်ပါလိမ့်မယ်။ ။

ပြန်လည်ဆန်းစစ်ပါ၊ အဖြေရှာပါ။

ဌာနတော်တော်များများမှာ လေ့လာသုံးသပ်နိုင်ပါလိမ့်မယ်။ ဝန်ထမ်းတွေကို သင်တန်းတွေ အထပ်ထပ်အခါခါပေးနေပေမယ့် ဝန်ထမ်းတွေရဲ့ စွမ်းရည်က ထိုက်သင့်သလောက် တက်မလာတာတွေ၊ သင်ပေးသူကြောင့်လား၊ သင်ယူသူကြောင့်လား၊ သင်ကြားနည်းစနစ်ကြောင့်လား၊ ဒါမှမဟုတ် ကိုယ်သင်ကြားခဲ့ရတာတွေကို မိခင်ဌာနမှာ ပြန်လည် အသုံးချနိုင်စွမ်းမရှိလို့လား၊ ပြန်လည်အသုံးချချင် ပေမယ့် အသုံးချနိုင်မယ့် အခွင့်အလမ်း မဖန်တီးပေး ထားလို့လား၊ Motivation လှုံ့ဆော်နိုင်စွမ်းအား နည်းလို့လား စသည်ဖြင့် မေးခွန်းများစွာနဲ့ စိတ်ဖြာ ဆန်းစစ်နိုင်ပါတယ်။

စူပါမားကက်တွေမှာ ရောင်းအားမြှင့်တင်နိုင်ဖို့ ဝန်ထမ်းအရေအတွက် တိုးမြှင့်ချထားပေမယ့် အရောင်းတက်မလာတာ ဘာ့ကြောင့်လဲ၊ မန်နေဂျာကြောင့်လား၊ ဝန်ထမ်းတွေကြောင့်လား၊ ဦးဆောင်သူ ဆီက ပြဿနာလား၊ နောက်လိုက်တွေဆီမှာ ပြဿနာလား၊ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်မှု မရှိတာလား၊ အဖြေရှာကြည့်နိုင်ပါတယ်။ နိုင်ငံ တွေမှာလည်း ထိုနည်းတူပါပဲ။ သယံဇာတအရင်း အမြစ်တွေ ပေါကြွယ်ဝနေပေမယ့် ဆင်းရဲတွင်းနက် နေကြတဲ့ နိုင်ငံများစွာ ကမ္ဘာမှာရှိနေဆဲပါ။ နိုင်ငံ အချို့ သဘာဝအရင်းအမြစ်မရှိပေမယ့် ကြွယ်ဝ ချမ်းသာနေကြတာ ဘာ့ကြောင့်လဲ၊ ကုန်ကျမှု cost ကများပြီး အကျိုးကျေးဇူး (benefit) က နည်းနေတာ ဘာကြောင့်လဲ၊ စနစ်ကအဓိကလား၊ လူက အဓိကလား၊ အဖြေပေါ်ပါတယ်။

ပြဿနာရဲ့ အဓိကအကြောင်းတရားကို ဖြေရှင်းရပါမယ်

တကယ်ရှုပ်ထွေးနက်နဲတဲ့အခြေအနေ (Complex situation) တွေကို ရံဖန်ရံခါ ကြုံဖူးကြမှာပါ။ ဒီလို အခြေအနေမျိုးမှာ ပြဿနာရဲ့ အဓိကအရင်းအမြစ် ကို ရှာဖွေပြီး တကယ့်အခြေအနေမှန်ကို သရုပ်ခွဲ လေ့လာရာမှာ ပြဿနာကိုဖြစ်စေတဲ့ အကြောင်း တရားတွေကဘာလဲ၊ မူလအကြောင်းတရား များစွာကို အခြေခံပြီး ဆင့်ကဲဆင့်ကဲဖြစ်လာတဲ့ အကြောင်းတရားတွေ (Direct causes and Indirect causes) ကို စူးစမ်းရှာဖွေနိုင်မှ တကယ့်ပြဿနာ အစစ်အမှန်ကို ဖော်ထုတ်နိုင်ပါတယ်။ တစ်ခါ ဒီပြဿနာ ကပ်ဘာတွေ အပေါ် သက်ရောက်မှုရှိနေပြီလဲ၊ ထပ်ဆင့်ထပ်ဆင့်ဖြစ်လာတဲ့ အကျိုးတရား တွေကို ထုတ်နုတ်ကြည့်ရပါမယ်။

လက်ရှိဖြစ်နေတဲ့အကျိုးဆက်တွေဟာ ပြဿနာရဲ့ ဆင့်ပွားပြဿနာတွေပါ။ ဒီအကျိုးဆက်တွေကို အပေါ်ယံကွက်ပြီး ရှင်းနေရုံနဲ့ မပြီးပါဘူး။ ဒီပုံစံကို သစ်ပင်တစ်ပင်ရဲ့ အမြစ်အကိုင်းအခက်တွေနဲ့ တင်စားနမူနာပုံဖော်ပြီး Problem Tree အဖြစ် ဒီဇိုင်းဆွဲ လေ့ကျင့်ဖြေရှင်း နိုင်ပါတယ်။ များများလေ့ကျင့်လေ ကိုယ့်ရဲ့ ပြဿနာ ကို ဖြေရှင်းနိုင်မယ့် အရည်အသွေး Problem Solving Capacity မြင့်တက်လေပါပဲ။ အဓိကကျတဲ့ Core Problem ကို သတ်မှတ်နိုင်ပြီဆိုရင်တော့ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလည်း လွယ်ကူသွားပါပြီ။ ။

စီမံချက် Plan ဆွဲတဲ့အခါ မှန်ကန်တဲ့ အဆုံး အဖြတ်ကိုလည်း ပေးနိုင်ပြီဖြစ်ပါ တယ်။ အကောင် အထည်ဖော်နိုင်မယ့်နည်းလမ်းနဲ့ လိုက်ဖက်မယ့် ပန်းတိုင်နဲ့ ရည်ရွယ်ချက်တွေကိုလည်း တိတိ ကျကျချမှတ်လို့ရပါပြီ။ ပြဿနာရဲ့ အရင်းအမြစ်ကို သိရမှတော့ လုပ်ဆောင်ရမယ့် Action ကိုလည်း သိရှိကာ ရလာမယ့်ရလဒ် Outcome ကိုလည်း မျှော်မှန်းနိုင်ပြီပေါ့။ ဒီလိုဆောင်ရွက်ချက်ဟာ အမှားအယွင်း နည်းမှာလည်း သေချာပါတယ်။ ပြဿနာရဲ့ အဆက်အစပ်အကြောင်းတရားနဲ့ အကျိုးတရား ပြဿနာရဲ့အစအကြောင်းတရားနဲ့ တကယ့် ပြဿနာအကြား ပြဿနာရဲ့ နောက်ဆက်တွဲ အကျိုးတရားတွေအကြား ဒီဇိုင်းရေးဆွဲပုံဖော်လို့ရ ပါတယ်။ သဘာဝဘေးဆိုက်နေတဲ့ ဒေသတစ်ခုကို ကြည့်ကြပါစို့။ သဘာဝဘေး လေမုန်တိုင်းကြောင့် လူတွေအသေအပျောက်နှုန်းတွေတရိပ်ရိပ်တက်လာ နေတယ်။ အသေအပျောက် ဒဏ်ရာရမှုများက ကျန်းမာရေးနဲ့ ဆက်နွယ်ပြီး လူမှုစီးပွားဘဝတွေ အပေါ်မှာလည်း အများကြီးသက်ရောက်တယ်။

သဘာဝဘေးဒဏ်ကို ရေရှည်ခံနိုင်ရည်မရှိတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်နေတယ်ဆိုရင်... ကျွန်တော်တို့ အဖြေရှာရမှာက ဆေးရုံဆေးခန်း တွေမှာပဲ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းပေး နေရုံနဲ့ပြီးပါ့မလား။ ရေရှည်အတွက်ပါ စဉ်းစားရပါမယ်။ အကြောင်းတရားတွေ ရှာလိုက်တော့ ကျောင်းတွေမှာ သဘာဝဘေးဒဏ်ကြောင့် အန္တရာယ် လျော့ပါးစေမယ့် ဘာသာရပ်တွေသင်ကြားပေးဖို့၊ သဘာဝဘေးအန္တရာယ်အကြောင်းနဲ့ တုံ့ပြန်ပုံ၊ အရေးပေါ်နည်းလမ်းတွေ သင်ကြားပေးဖို့ စတဲ့ အချက်တွေ လိုနေတာ တွေ့ရပါတယ်။ အရေးပေါ် တုံ့ပြန်ရေး စွမ်းရည်ပြည့်ယူနစ်တွေ လူထုကြားမှာ အသင့်ဖွဲ့စည်းထားဖို့၊ လက်တွေ့ကျတဲ့အရေးပေါ် စီမံချက်တွေကို ရေးဆွဲထားဖို့၊ ထိခိုက်လွယ်တဲ့အုပ်စု တွေကို ဦးစားပေး ကယ်ထုတ်ပေးနိုင်မယ့် အစီအစဉ်တွေ၊ စနစ်တကျ စီမံခန့်ခွဲမှုတွေ၊ ငွေ၊ ပစ္စည်း၊ အရင်း အမြစ် လိုအပ်ချက်တွေ စတဲ့ ပြဿနာရဲ့ အကြောင်းတရားတွေကိုပါ တွေ့လာရပါတယ်။

ယခုလို အကြောင်းတရားတွေ ဖြေရှင်းနိုင်ရင် သဘာဝဘေးဒဏ်ကြောင့် အသေအပျောက်လည်း နည်းသွားမယ့် သဘောလည်းရှိတာပေါ့။ ဒီအချက်တွေကိုပဲ Cause-Problem-Effect မှာ ထည့်သွင်း မှတ်သားပြီး Problem Tree ဒီဇိုင်းဆွဲလို့ ရပါတယ်။

နောက်ဆုံးမှာတော့ ဘယ်နေရာ၊ ဘယ်အခြေ အနေမှာပဲဖြစ်ဖြစ် ဦးဆောင်သူကော၊ နောက်လိုက် နောက်ပါ အားလုံးမှာပါ ကိုယ်စီသက်ဆိုင်ရာ စွမ်းရည်တွေထက်မြက်နေဖို့လိုပါတယ်။ ထက်မြက် တဲ့စွမ်းရည်ဟာ ပြဿနာတစ်ရပ်ကို ချဉ်းကပ်ရာမှာ ခွဲခြားစိတ်ဖြာပေးနိုင်စွမ်း ရှိပါတယ်။ အကျိုးဖြစ်စေ တဲ့အကြောင်းကို မျှတစွာရှာဖွေပေးနိုင်ပါတယ်။ အတွေးအမြင် စူးရှထက်မြက်တဲ့အတွက် ဟိုးအဝေး ဆီကသက်ရောက်မှုတိုင်းကို မြော်တွေးပုံဖော်ပေးနိုင်ပါလိမ့်မယ်။

သက်ရောက်မှုရဲ့ အတိုင်းအဆကိုကြည့်ပြီး ပြဿနာရဲ့ အတိမ်အနက်ကို မှန်းဆနိုင်ပါတယ်။ ဒါဆိုရင် ဘယ်အရာက အဓိကပြဿနာလဲ အဖြေရှာ လို့ရပြီပေါ့။ အဓိကပြဿနာကို သတ်မှတ်နိုင်ပြီ ဆိုရင်တော့ ကိုယ်ဆောင်ရွက်ရမယ့်လုပ်ငန်းအတွက် ရည်ရွယ်ချက်နဲ့ စီမံချက်တွေလည်း တိတိကျကျ ထားရှိနိုင်ပြီ ဖြစ်ပါတယ်။ ရည်ရွယ်ချက်တူရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချရန်လည်း မခက်ခဲတော့ပါဘူး။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အောက်မှာ လုပ်ငန်းစဉ်တွေလည်း အောင်မြင်လာပါလိမ့်မယ်။ အခြေခံကျတဲ့ အရင်းခံ ပြဿနာကို ရှာဖွေဖော်ထုတ်နိုင်ဖို့သာလျှင် အဓိကဖြစ်ပါတယ်။ ။

မိုးကေနိုင်