ရန်ကုန် ဇူလိုင် ၁၁
(၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်မည့် ဇူလိုင် ၁၉ ရက်(တနင်္လာနေ့) ၌ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အများပြည်သူ ဖူးမြော်ကြည်ညိုခွင့်ကို ယာယီတစ်ရက် ပိတ်ထားမည်ဖြစ်ရာ ဇူလိုင် ၂၀ ရက်မှစတင်၍ ယခင် အစီအစဉ်အတိုင်း ဖူးမြော်ခွင့်ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
လာရောက်ဖူးမြော်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် သိင်္ဂုတ္တရကုန်းတော်၌ တည်ထားတော်မူသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်လျက်ရှိရာ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဖူးမြော်ခွင့် ရရှိသည့် ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ ဇွန် ၃၀ ရက်အထိ သတ်မှတ်အချိန်အလိုက် ဝင်ရောက်ဖူးမြော် ကြည်ညိုကုသိုလ်ယူကြသော နိုင်ငံတစ်ဝန်းရှိ ရဟန်း ရှင်လူ ဘုရားဖူးပြည်သူများအပါအဝင် နိုင်ငံခြားသား ဘုရားဖူးဧည့်သည်ဦးရေမှာ သံဃာတော် ၁၉၀၄၅ ပါး၊ သီလရှင် ၇၁၅၉ ပါး၊ ပြည်တွင်းအမျိုးသား ၁၆၂၄၃၉ ဦး၊ ပြည်တွင်းအမျိုးသမီး ၁၇၃၆၁၀၊ နိုင်ငံခြားသား ၈၂၀ နှင့် နိုင်ငံခြားသူ ၄၁၄ ဦး တို့ဖြင့် စုစုပေါင်း ၃၆၃၄၈၇ ပါး/ဦး လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆိုင်ရာသတိပေးချက်များနှင့် နှိုးဆော်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်စေ၍ စေတီတော်သို့ ရောက်ရှိသည့်အခါ ပိုးသတ်ဆေးဖျန်းရုံ(Disinfection Chamber) အတွင်းဝင်စေခြင်း၊ လက်ဆေးစေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများကို ရွှေတိဂုံစေတီ တော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်