နေပြည်တော် ဇူလိုင် ၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်း မောင်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာနှင့် စောဒန်နီယယ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအသင်းက အနိုင်ရ
ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အချိန်ပို မိနစ် ၃၀ ကစားအပြီး တစ်ဖက် ၃ ဂိုးစီသရေကျခဲ့ သဖြင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အသင်းက အနိုင်ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံး ဂိုးသမား ဆုရ စောကျော်ခိုင်ဦး (ကရင်ပြည်နယ်အသင်း) ကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကလည်းကောင်း၊ အကောင်းဆုံးနောက်တန်း ကစားသမားဆုရ ရန်နိုင်မင်းထက်(ရန်ကုန် တိုင်းဒေသကြီးအသင်း)ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လည်းကောင်း၊ အကောင်းဆုံး အလယ် တန်းကစားသမားဆုရ ရဲကောင်းဆက် (ရန်ကုန်တိုင်းဒေသကြီးအသင်း)ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က လည်းကောင်း၊ အကောင်းဆုံးရှေ့ တန်းကစားသမားဆုရ သိန်းဇော်သီဟ (ရန်ကုန်တိုင်းဒေသကြီးအသင်း)ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ စောသန်းကိုသန်း (ကရင်ပြည်နယ်အသင်း) ကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ စတုတ္ထဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းအတွက် ငွေသားဆုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကလည်းကောင်း၊ တတိယဆုရရှိသည့် မကွေး တိုင်းဒေသကြီးအသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ် က လည်းကောင်း၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် က လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအတွက် တစ်ဦးချင်းဆု တံဆိပ်များ၊ ငွေသားဆုနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ပေးအပ်ချီးမြှင့်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား(ဘောလုံး) ပြိုင်ပွဲများ ကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၉ ရက်အထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၃) သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
သတင်းစဉ်