နေပြည်တော် ဇူလိုင် ၉
စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက လက်ရှိတွင် စက်မှု ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ မူဝါဒ၊ လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မူဝါဒများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံကျသည့် လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုအစီအမံများ၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင် မှုရရှိရေး အစီအမံများ၊ ပုံသေပိုင်ပစ္စည်းများ စီမံခန့်ခွဲမှုအစီအမံတို့ကို ချမှတ်ဆောင် ရွက်လျက် ရှိကြောင်း၊ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများ၏ စက်ရုံဆိုင်ရာ အချက်အလက်များ၊ လက်ရှိ တွေ့ကြုံ နေရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို မှန်မှန်ကန်ကန် တင်ပြမှသာ မှန်ကန်သော မူဝါဒများကို ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ ရပ်နားထားသည့်စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းများရှာဖွေ၍ ကြိုးစားဆောင် ရွက်ရမည်ဖြစ်ကြောင်း။
ယခုဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များ၊ နည်းလမ်းများပေါ်မူတည်၍ စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်ရေးတွင် မိမိဝန်ကြီးဌာနမှ ဦးစီးဆောင်ရွက်ရမည့်ကိစ္စများ၊ ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ များစွာရှိလာမှာဖြစ်ကြောင်း၊ ဆက်လက်၍ စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်ရေး အလုပ်ရုံဆွေးနွေးပွဲများအပြင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ကျင်းပသွားရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲသို့ Video Conferencing စနစ်ဖြင့် တက်ရောက်လာ ကြသူများက စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် ရပ်ဆိုင်းထားသော စက်ရုံများအား ပြုပြင်ပြောင်းလဲသင့်သည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီနှင့် ဦးအောင်သန်းဦး၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စာလှယ်များ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်း (UMFCCI)၊ ပြင်ပပညာရှင်များ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ဌာနတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)