နေပြည်တော် ဇူလိုင် ၉
၂၀၂၁ ခုနှစ်၊ ဇူလိုင် (၁၁) ရက်တွင် ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်ကျော်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယနေ့ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း (၇၉၀၀)ခန့်ရှိကာ နှစ်စဉ်တိုးတက်လာလျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ သန်းပေါင်း (၈၅၀၀) ခန့်ရှိလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် လူဦးရေ လျင်မြန်စွာတိုးပွားနေခြင်းကြောင့် နောက်ဆက်တွဲ စိန်ခေါ်မှု များစွာကိုလည်း ရင်ဆိုင်နေ ရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အားလုံးအနေဖြင့်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံချင်း အနေဖြင့်ဖြစ်စေ၊ အရေးကြီးနှင့်ဦးစားပေး ဖြေရှင်းရမည့် လူဦးရေနှင့် ဆက်နွယ်ပတ်သက်နေသည့် အကြောင်းအရာများကို ဂရုပြုအာရုံ စိုက်မိလာစေရန်နှင့် အလေးထား ဆောင်ရွက်လာစေရန် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်စဉ်ကျင်းပ နေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားကို ၁၉၉၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ပြီး ယခုဆိုလျှင် (၃၂) ကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပါကြောင်း။
ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်များကို သတ်မှတ်ရာတွင် အချိန်ကာလအလိုက်ဖြစ်ပေါ်နေသည့် လူဦးရေနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအပေါ် အခြေခံသတ်မှတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့က သတ်မှတ်ထားသည့် ဆောင်ပုဒ်ပါအချက်အလက်များကို အခြေခံ၍ ယခုနှစ်တွင် “ကမ္ဘာမြေသာယာဖို့ မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်စို့” ဟု သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းဆောင်ပုဒ်ကပေးလိုသည့် အဓိကအချက်မှာ ကိုဗစ်-၁၉ ကာလအတွင်း မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးလုပ်ငန်းများ၊ ဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက် ပေးနိုင်ရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် နိုင်ငံသူ/ နိုင်ငံသားအားလုံး ကျန်းမာရေးနှင့် အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် လူဦးရေ (၅၅)သန်း ကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေသန်း (၆၀) ခန့် ရှိလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခင်နှစ်များက ကလေးမွေးနှုန်းမြင့်မားခဲ့မှု၏ အကျိုးဆက်အဖြစ် လူဦးရေဆုလာဘ်ကိုရရှိနေသည့် ကာလဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်များ၏ အင်အားကို ထိထိရောက်ရောက် ထည့်သွင်း အသုံးချရန် လိုအပ်သကဲ့သို့ အနာဂတ်တွင် များပြားလာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန်လည်း ကြိုတင်ပြင်ဆင်ထား ရမည်ဖြစ်ပါကြောင်း၊ လူသားမျိုးနွယ်အားလုံးသည် ကိုဗစ်-၁၉ ကို စနစ်တကျတုံ့ပြန်အံတုရင်း ကမ္ဘာမြေ သာယာစေရေးအတွက် မျိုးဆက်ပွား ကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့အင်အားဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်နှင့်ဆက်နွယ်၍ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် Video Clip ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)