Skip to main content

မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Online/Mobile Payment ဖြင့် ဝယ်ယူနိုင်မည့်စနစ် စတင်မိတ်ဆက်သည့် အခမ်းအနား ကျင်းပ

 

 

နေပြည်တော် ဇူလိုင် ၈

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment ဖြင့် ဝယ်ယူ နိုင်မည့်စနစ် စတင်မိတ်ဆက်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာ့အာမခံ လုပ်ငန်း(ရုံးချုပ်) ဆဌမထပ် အစည်းအဝေးခန်းမ၌ Online Webinar ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာ့အာမခံလုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်သည် အာမခံအကာအကွယ်ရယူလိုသည့် ပြည်သူများအနေဖြင့် မိမိရွေးချယ် ဝယ်ယူလိုသော အာမခံ Product များကို ခေတ်နှင့်အညီ အဆင်ပြေချောမွေ့စွာ ရွေးချယ်ဝယ်ယူနိုင်ရန်နှင့် ငွေပေးချေနိုင်ရန် Digital နည်းပညာဖြင့် အာမခံလုပ်ငန်းများကို ပြောင်းလဲအဆင့်မြှင့် တင်ပြီး အခြားပြည်တွင်း/ပြည်ပ ကုမ္ပဏီများနှင့်တန်းတူ စျေးကွက်အတွင်း ယှဉ်ပြိုင်ထိုး ဖောက် နိုင် ရန် ရည်ရွယ်ထားပါကြောင်း၊ စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ခဲ့ပြီး ပထမနှစ်ပြီးမြောက် သည့်အခါ  သူတစ်ပါး ထိခိုက်မှုအာမခံနှင့် ခရီးသွားအာမခံ အမျိုးအစား (၂) မျိုးကို မြန်မာ့အာမခံလုပ်ငန်း Website နှင့် Mobile App တို့မှတစ်ဆင့် ဝယ်ယူနိုင်ပြီဖြစ် ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် အာမခံထားရှိ သူများ လူကိုယ်တိုင်လာရောက်၍ ပရီမီယံပေးချေရန်မလိုအပ်ဘဲ Online/ Mobile Payment များဖြင့် ငွေပေး ချေခြင်းများကို အဆင်ပြေချောမွေ့စွာ ပေးချေနိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာ့အာမခံလုပ်ငန်း၏ Corporate Video ကို ပြသ သည်။

ယင်းနောက် မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ Product များကို Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် စတင်ဝယ်ယူနိုင်မည့် မိတ်ဆက် ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ခဲ့သည်။

မြန်မာ့အာမခံလုပ်ငန်းကို ၁၉၅၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်ကာ နောက်ပိုင်းတွင် အသက်နှင့်အထွေထွေ အာမခံနှစ်မျိုးလုံး လက်ခံဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် အာမခံအမျိုးအစားများအနေ ဖြင့် အသက်အာမခံ အမျိုး အစား (၁၉) မျိုး၊ အထွေထွေအာမခံအမျိုးအစား (၂၂) မျိုး လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 (သတင်းစဉ်)