နေပြည်တော် ဇူလိုင် ၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း(၃)၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပိတောက်ပင်ကို စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးက ကျွန်းပင်၊ အမြဲတမ်းအတွင်းဝန်က ပျဉ်းကတိုးပင်တို့ကို စိုက်ပျိုးကာ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက စိုက်ကွက် ဧရိယာ(၂)ဧက အတွင်းရှိ သတ်မှတ်နေရာ အသီးသီးတွင် အဖိုးတန်သစ်မျိုးများဖြစ်သော ပိတောက်၊ မဟော် ဂနီနှင့် အရိပ်ရလေကာ ကြီး/မြန် သစ်မျိုးများဖြစ်သည့် ယင်းမာ၊ မန်ဂျန်ရှား၊ ပန်းမယ်ဇလီ စသည့် သစ်မျိုးများအပါအဝင် အပင်ပေါင်း (၁၀၀၀) စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သစ်ပင်စိုက်ပျိုးမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်အတွင်း နေပြည်တော်-တပ်ကုန်း အမှတ် (၁) လမ်းတလျောက် ခွာညိုပန်းအဝိုင်းမှ သတ္တသတ္တာဟ ဘုရားအထိ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ကြီးများဖြင့် တစ်အုပ်တစ်မ သစ်ပင် စိုက်ပျိုးထားရှိမှု၊ ၂၀၁၁ ခုနှစ် လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ သစ်မျိုးစုံ စိုက်ခင်း (၁ ဒသမ ၅)ဧကတွင် ပင်ပူးခွာခြင်း၊ ကိုင်းချိုင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကားလမ်းဘေး ဝဲ/ယာရှိ စိမ်းလန်းစိုပြည်ရေးအတွက် တစ်အုပ်တစ်မသစ်ပင် ဆက်လက်စိုက်ပျိုးသွားမည့် နေရာများ ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)