Skip to main content

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (A.D) လိုင်စင်ရဘဏ်များ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့နှင့် အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေတို့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (A.D) လိုင်စင်ရဘဏ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် အစည်းအဝေး ကျင်းပသည်။

ဆွေးနွေးညှိနှိုင်းခဲ့

အစည်းအဝေးတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာကိစ္စ၊ နိုင်ငံခြားငွေလိုအပ်ချက်အား ဖြည့်တင်းပေးနိုင်ရန် Auction ခေါ်ယူ၍ A.D ဘဏ်များသို့ ရောင်းချပေးခဲ့သည့်ကိစ္စ၊ နိုင်ငံခြား ငွေရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းဆိုင်ရာကိစ္စ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းဆိုင်ရာကိစ္စ၊ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရေး ဆောင်ရွက်ချက်များနှင့် နိုင်ငံခြားငွေများ မလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်း မပြုရေး၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မတန်တဆ မြင့်မားလာခြင်းသည် အခြေခံစားကုန်များ ဈေးတက်လာနိုင်မည်ဖြစ်သည့်အတွက် ဝိုင်းဝန်းထိန်းသိမ်းရေး၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး အကျပ်အတည်း ကြုံတွေ့နေချိန်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်ပေါ်နေမှုကို ထိန်းသိမ်း၍ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်