နေပြည်တော် ဇူလိုင် ၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် နေ့စဉ်အရေအတွက် မြင့်တက်လျက်ရှိရာ မျိုးရိုးဗီဇပြောင်းရောဂါပိုးများကြောင့် ရောဂါကူးစက်မှုနှုန်းနှင့် ရောဂါပိုးတွေ့ရှိသည့် ရာခိုင်နှုန်း မြင့်မားနေခြင်းကိုလည်း တွေ့ရှိနေရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှု၍ ပြည်နယ်/တိုင်းဒေသကြီး ဖြတ်ကျော်ကူးသန်းသွားလာမှုများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ သံသယလူနာများနှင့် အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိမိအိမ်တွင်သာ နေထိုင်ခြင်း အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များအား အချိန်နှင့်တပြေးညီ တိုးချဲ့သတ်မှတ်ပေးလျက်ရှိခြင်း၊ (Stay at Home) အစီအစဉ်တွင် မပါဝင်သည့် မြို့နယ်များတွင်လည်း တိတိကျကျ လိုက်နာရမည့် ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်၍ နေပြည်တော်ကောင်စီနယ်မြေနှင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးရှိ စီမံ/အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့် ညှိနှိုင်းကာ ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ဆေးရရှိမှုပေါ်မူတည်၍ ဦးတည်အုပ်စုများကို အချိန်နှင့် တပြေးညီ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးအပြည့်အဝ ရရှိပြီးသူ (၁ ဒသမ ၇၅) သန်းခန့်ရှိပြီဖြစ်ပါကြောင်း၊ မကြာမီအချိန်ကာလအတွင်း ကာကွယ်ဆေး(၂)သန်းခန့် ထပ်မံ ရောက်ရှိမည်ဖြစ်ပြီး ယခုနှစ်အတွင်း ကကွယ်ဆေးများ နောက်ထပ် ထပ်မံရရှိမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများကိုလည်း မိမိတို့အစီအစဉ်ဖြင့် ကာကွယ်ဆေးများ တင်သွင်း ရောင်းချထိုးနှံခွင့်ကို အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် လမ်းဖွင့်ပေးထားပါကြောင်း။
ပြည်သူများအတွင်း ရောဂါကာကွယ်ရေးအပြုအမူများ ပိုမိုသတိပြုဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask) ဖြန့်ဝေခြင်းကို ဇွန်လအတွင်း အရေအတွက် (၁၂)သန်း ဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍ နောက်ထပ် အရေအတွက် (၅)သန်းကို ဖြန့်ဝေပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask) များကို မြို့နယ်၊ရပ်ကွက်၊ကျေးရွာများရှိ လူစည်ကားရာ စျေး၊ ကားဂိတ် စသည့်နေရာများတွင် အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါထိန်း ချုပ်ရေးဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများ တင်းတင်းကြပ်ကြပ် ချမှတ်ရသည်နှင့်အတူ တစ်ဖက်တွင်လည်း ပညာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် စနစ်တကျချင့် ချိန်၍ ဆောင်ရွက်ပါကြောင်း၊ သို့သော် ရောဂါကူးစက်ဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာစေရေးသည် အလွန် အဓိကကျသည့် အချက်ဖြစ်ပါကြောင်း။
ရောဂါပိုးရှိသူနှင့် ထိတွေ့သူများကို ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရာတွင် ဓာတ်ခွဲစစ်ဆေး၍ ပိုးတွေ့ရှိခြင်းမရှိသူများကို ပြည်သူလူထု အခြေပြု Facility Quarantine Center များတွင် နေထိုင်နိုင်ရေး တတ်နိုင်သရွေ့ စီစဉ်ပေးလျက် ရှိပါကြောင်း၊ အဆိုပါ နေရာများတွင် နေရာအခက်အခဲရှိပါက သတ်မှတ်ချက်နှင့်ပြည်စုံသူများကို မိမိအိမ်တွင်သာ အသွားအလာ ကန့်သတ်၍ နေထိုင်စေခြင်း (Home quarantine) ကို စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရောဂါပိုး တွေ့ရှိထားသည့် အတည်ပြုလူနာများကို လူနာ၏ ရောဂါအခြေအနေနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် လိုအပ်ချက်များပေါ် မူတည်၍ ကုသရေးစင်တာများတွင် ဦးစွာထားရှိ၍ လိုအပ်ပါက ဗဟိုအဆင့် ဆေးရုံကြီးများသို့ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ များကိုလည်း တိုးချဲ့ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် သံသယလူနာ (PUI) လက်ခံကုသခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ အများစုတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ အဓိကအရေးပါသည့် အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေးကိုလည်း အထူးဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရရှိထားသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ လူသားအရင်းအမြစ်များကိုလည်း စနစ်တကျ စီမံခန့်ခွဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လူသားအရင်းအမြစ်များ တိုးတက်ရရှိ စေရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာ ဆေးရုံများနှင့် ကုသရေးစင်တာများတွင် လူနာများ ပြည့်လျှံလာခြင်းကို ရှောင်လွှဲနိုင်မည်ဖြစ်ပြီး ရောဂါကြောင့် သေဆုံးမှုများကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက နေ့စဉ်များပြားလျက်ရှိသည့် လူနာဦးရေကို လက်ခံကုသပေးနိုင်ရန်အတွက် (Bed Management Committee) ဖွဲ့စည်း ဆောင်ရွက်နေမှု၊ လူနာလက်ခံကုသနိုင်မည့် ခုတင်အရေအတွက် တိုးမြှင့်နိုင်မည့် အခြေအနေ၊ လူ့စွမ်းအားအရင်းအမြစ် အခြေအနေများကို တင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်က တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်လက်၍ ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေးသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)