နေပြည်တော် ဇူလိုင် ၆
မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အခန်း(၈)၊ ဥပဒေပုဒ်မ (၂၅)တွင် ဖော်ပြထားချက်အရ သက်ကြီး ရွယ်အိုများ ဝင်ငွေပုံမှန်ရရှိရေးအတွက် ရည်ရွယ်၍ လူမှုရေးပင်စင်ထောက်ပံ့ မှုအစီအစဉ် အနေဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစတင်ပြီး တစ်လတွင် တစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့လျက်ရှိပါကြောင်း၊ လက်ရှိလူမှုရေးပင်စင် အကျိုးခံစားခွင့်ရရှိသည့် သက်ကြီးရွယ်အို (၂၄၈,၉၁၁) ဦးရှိပါကြောင်း၊ လက်ရှိအခြေအနေ များကြောင့် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုး၊ အဘွားများလက်ဝယ် ထောက်ပံ့ ကြေးရောက်ရှိရေး ဆောင်ရွက်ရာ တွင် အခက်အခဲအချို့ရှိသော်လည်း အဘိုး၊ အဘွားများ၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေး၍ ဆက်လက် ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊ လူမှုရေးပင်စင် ထောက်ပံ့မှုအပြင် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ထပ်ဆောင်း ထောက်ပံ့ခြင်းအနေဖြင့် သက်ကြီးရွယ်အို (၂၀၀,၃၀၁)ဦး ကိုလည်းကောင်း၊ CERP အစီအစဉ်ဖြင့် အသက်(၈၀-၈၄) နှစ်နှင့်အထက် ဘိုးဘွား (၂၉၃,၄၅၇) ဦးကို လည်းကောင်း၊ လူမှုရေးပင်စင် အကျိုးခံစားခွင့် ရရှိသည့် အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၅,၀၄၈)ဦး ကိုလည်းကောင်း၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွား (၁,၃၀၈)ဦး ကို တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုလက်ရှိတွင်လည်း ကိုဗစ်-၁၉ တတိယလှိုင်း စတင်ဝင်ရောက်လာပြီ ဖြစ်သည့်အတွက် သက်ကြီးရွယ်အိုများအတွက် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နည်းဥပဒေထုတ်ပြန်ပြီးပါက သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ အရေးပေါ်ကာလ အခြေအနေတွင် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး စောင့်ရှောက်မှု၊ သက်ကြီးရွယ်အိုများ လူမှုပတ်ဝန်းကျင်အတွင်း ဂုဏ်သိဏ္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီဝင်ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် Online မှ တက်ရောက်ကြသည့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိူသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သဘာပတိ၊ မြန်မာနိုင်ငံယုဝတီ ခရစ်ယာန်အသင်းတို့ အပါအဝင် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)