နေပြည်တော် ဇူလိုင် ၅
မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း ဦးဆောင်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဝင်များဖြစ်သော ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီးနှင့် အလုပ်သမားသံအရာရှိ အပါအဝင် အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် Mr. Phairoj Chotikasatien ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံအစိုးရအဖွဲ့ အစည်းအဝေးမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်း၊ ကျန်းမာရေးအာမခံ မှတ်ပုံတင်ခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) မှတ်ပုံတင်ခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ တိုးမြှင့်ပေးခဲ့သည့် ကိစ္စ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ထိုင်းနိုင်ငံအစိုးရတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအလုပ်သမားများ အလုပ်ခန့်ထားခြင်းဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး၊ ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေကြသော ပြည်ဝင်ခွင့်ဗီဇာ သက်တမ်း ၄ နှစ်ပြည့်ပြီးဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လာရန် မလိုအပ်ဘဲ ထိုင်းနိုင်ငံအတွင်း၌သာ နိုင်ငံကူးလက်မှတ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - CI) ကိုင်ဆောင်ထားသူများကို သက်တမ်းတိုး အသစ်ထုတ်ပေး နိုင်ရေး၊ CI သက်တမ်းတိုး စခန်းများ ဖွင့်လှစ်နိုင်ရေး၊ တရားမဝင်အလုပ်သမားများကို တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိအောင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ MoU လုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရေးနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်ခွင့်များ အပြည့်အဝရရှိနိုင်ရေး စသည့်ကိစ္စရပ်များကို နှစ်နိုင်ငံ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်