နေပြည်တော် ဇူလိုင်၅
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မား ရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၅၉၈၅ ဦးနှင့် အတွင်းလူနာပေါင်း ၇၇၃၀၆ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
ယင်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၂၃၄၀ ဦး၊ အသေးစားခွဲစိတ် ကုသရန်လိုအပ်သူ ၆၅၁၅ ဦး၊ စုစုပေါင်း ၁၈၈၅၅ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသ ပေးလျက်ရှိသည်။
ထို့ပြင်ကလေးမီးဖွားလူနာ ၆၂၄၂ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၉၀၀ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေးငယ် ၁၅၁၄၂ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေးတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)