ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇူလိုင် ၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၉၆၉ ဦးတွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ ၄၂ ဦးရှိသည်။ မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းကာလအတွင်း နေ့စဉ်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာတိုးပွားနေပြီး သေဆုံးသူများလည်း နေ့စဉ်များပြားလာသည်ကို တွေ့ရသည်။
လက်ရှိတွင် ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးမျိုးသစ်များတွင် ဒယ်လ်တာ ဗိုင်းရပ်စ်ပိုးသည် ရောဂါကူးစက်ဖြစ်ပွားမှုကို ပိုမိုမြန်ဆန်စေပြီး ကူးစက်ခံရသူများကြားတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်နေသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတစ်ရာနီးပါးတွင် ရောဂါပိုး ဗီဇမျိုးသစ် ကူးစက်ပျံ့နှံ့နေပြီး နိုင်ငံအများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးအပြင် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်နေကြသည်။ မြန်မာ နိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ခုခံတိုက်ဖျက်ကျော်လွှား လျက်ရှိပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ဟန့်တား နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုများ ကို အတတ်နိုင်ဆုံး ကြိုးပမ်းကာကွယ် ထိန်းချုပ်၊ ကုသပေးလျက်ရှိသော်လည်း တစ်နေ့ထက် တစ်နေ့ ရောဂါကူးစက်မှု များပြားလာသောအခြေအနေအရ ပြည်သူများကိုယ်တိုင်ကလည်း ရောဂါကာကွယ်ရေး၊ ကုသရေးနည်းလမ်းများ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသော လမ်းညွှန်ချက်များအပြင် ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၏ အကြံပြုချက်များကို လိုက်နာကြပြီး အတတ်နိုင်ဆုံးဟန့်တား ကာကွယ်တားဆီးကြရန် လိုအပ်ပေသည်။
ပြည်သူအားလုံး နေ့စဉ်နှင့်အမျှလိုက်နာဆောင်ရွက်ကြရမည့် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လူအများနှင့်ခပ်ခွာခွာနေထိုင်ခြင်း၊ အဝင်အထွက်ပြုလုပ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေဖြင့် စင်ကြယ်စွာအကြိမ်ကြိမ်ဆေးကြောခြင်း၊ မလိုအပ်ဘဲ အိမ်ပြင်သို့ မထွက်ခြင်း တို့ကို မပျက်မကွက် သတိထားလုပ်ဆောင်ကြရန် လိုအပ်ပါသည်။ လူအများသည် ဘဝရှင်သန် ရပ်တည်ရေးအတွက် နေ့စဉ်နှင့်အမျှ ပြင်ပသို့ ထွက်နေကြရသဖြင့် ပါးစပ်၊ နှာခေါင်း အကာ အကွယ်များကို မပြတ်တပ်ဆင်ကြရန် လိုအပ်ပြီးထိတွေ့မှုပြုလုပ်ပြီးတိုင်း မကြာခဏ လက်ကို ဆေးကြောပေးရန် လိုအပ်ပါသည်။
ဆေးပညာရှင်များ၏ နောက်ဆုံးတွေ့ရှိချက်အရ နေအိမ်တွင်သာ နေထိုင်ရေး အစီအစဉ်ဖြင့် နေထိုင်သော်လည်း မိသားစုအတွင်း တစ်ယောက်ကူးစက်ခံရပါက မိသားတစ်စုလုံး ကူးစက်ခံရ နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ဆင်းရဲချမ်းသာ လူတန်းစားမရွေး ကူးစက်နိုင်သည်။ သို့သော် အခြေခံလူတန်းစားများအနေဖြင့် နေအိမ်များတွင် ကျပ်တည်း ကျဉ်းမြောင်းစွာနေထိုင် သည်ဆိုသော်လည်း လေဝင်လေထွက်ကောင်းပါက ရောဂါပိုးအတွက် စိုးရိမ်ဖွယ်ရာ မရှိပေ။ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ရန်အတွက် ရောဂါပိုး၏သဘာဝကိုလည်း သိရှိထားရန်လိုအပ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးသည် ရောဂါပိုးရှိသူတစ်ယောက်က နှာချေ၊ ချောင်းဆိုး၊ စကားကျယ်ကျယ် ပြောလိုက်ပါကရောဂါပိုးအမှုန်များလေထဲတွင် ခေတ္တပျံ့နှံ့သွားပြီး ၎င်းပတ်ဝန်းကျင်ရှိလူများ၌ အကာအကွယ်မရှိပါက ရောဂါကူးစက်နိုင်ပြီး နှာခေါင်းပါးစပ်စည်း၊ မျက်နှာကာများ တပ်ဆင် ထားပါက ရောဂါကူးစက်နိုင်ခြင်းမရှိပေ။ ကိုဗစ်-၁၉ ရောဂါပိုးသည် နှာခေါင်းနှစ်ပေါက်၊ မျက်စိ နှစ်လုံး၊ ပါးစပ်ပေါက် ဤသုံးခုမှသာ ဝင်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများ မှ ရောဂါဝင်ရောက်နိုင်ခြင်းမရှိပေ။
ကိုဗစ်-၁၉ ရောဂါပိုးသည် ရောဂါပိုးရှိသူ ပိုးစတင်ထုတ်လွှတ်စဉ်က လေထဲတွင်ရှိပြီး အနီး ပတ်ဝန်းကျင်သို့ ရောက်နိုင်သည်။ ကျန်အချိန်ကာလတွင် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများတွင် တွယ်ကပ်နေပြီး အခြားနေရာများသို့ ရွှေ့ပြောင်းလှုပ်ရှားနေခြင်း မရှိပေ။ ထို့ကြောင့် အရာဝတ္ထု များကို ကိုင်တွယ်ပြီးပါက လက်ဖြင့် ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို မပွတ်သပ်မိစေဘဲ ဦးစွာ လက်ကို ဆပ်ပြာနှင့်ရေဖြင့် စင်ကြယ်စွာ မကြာခဏ ဆေးကြောရခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်တို့ကို အလေးထားလိုက်နာပြီး ကပ်ရောဂါ ဘေးကိုကျော်လွှား၍ ပြည်သူများစိတ်ချမ်းသာရေး ဆောင်ကြဉ်ရမည် ဖြစ်ပါကြောင်း။ ။