နေပြည်တော် ဇူလိုင် ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနဝင်း အတွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
သစ်ပင်စိုက်ပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က မဟော်ဂနီပင်ကို စိုက်ပျိုးပေးပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ကျွန်းပင် (၂၀၀) ၊ ပျဉ်းကတိုး (၇၅) ပင်၊ မဟော်ဂနီ (၂၅) ပင်၊ ပိတောက်ပင် (၅၀) ၊ စုစုပေါင်း နှစ်ရှည်ပင် (၃၅၀) စိုက်ပျိုးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဆည်အတွင်းသို့ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၅၀၀၀) ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)