နေပြည်တော်၊ ဇူလိုင် - ၄
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်း နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၆ ရက်တွင် ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၃၅) အနီး၌ လက်နက်/ခဲယမ်းများ သယ်ဆောင်လာသူ ကျော်ဇောဟိန်း၊ (၁၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူနှင့် သိန်းသန်းမိုး၊ (၂၁)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူတို့ ၂ ဦးအား ပရိုဘောက်အမျိုးအစား တက္ကစီ ယာဉ်ပေါ်မှ AK-47 ၄ လက်၊ M-16 ၂ လက်၊ Glock အမျိုးအစား ၉ မမ ပစ္စတို ၂ လက်၊ စုစုပေါင်း လက်နက်ငယ်မျိုးစုံ ၈ လက်၊ ကျည်အိမ် ၅ ခု၊ MG 2 အီနာဂါဗုံးသီး ၁၀ လုံး၊ ၅.၅၆ ကျည် ၃၁၃ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၇ ရက်တွင် ဆက်စပ်တရားခံ ဟန်မောင်မောင်ချို(ခ)ပေါင်ပေါင်အား ပခုက္ကူမြို့နယ်၊မြိုင်သာယာကွက်သစ်ရှိ သနပ်ခါးခြံ အတွင်း၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ လက်နက်/ခဲယမ်းများအား မြဝတီမြို့တွင် နေထိုင်သော နေမျိုး မှတစ်ဆင့် KNDOအဖွဲ့မှ ချိတ်ဆက်ဝယ်ယူ ခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်မည့် တရားခံများအား ကြိုတင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်