နေပြည်တော်၊ ဇူလိုင် ၄
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံ ဘုရား အရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ စက်မှုဝန်ထမ်းဟောင်းများနှင့် တွေ့ဆုံဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသော အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း အောက်ရှိ ဆပ်ပြာမှုန့်စက်ရုံသို့ ရောက်ရှိပြီး သက်သာဆပ်ပြာ ရည်နှင့် သက်သာဆပ်ပြာမှုန့်များ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်) ခေတ်မီသိုလှောင်ရုံ အတွင်း သတ်မှတ်စိုထိုင်းဆအတိုင်း ကွန်ပျူတာစနစ်အသုံးပြု၍ ကုန်ကြမ်းများနှင့် ထုတ်လုပ်ပြီး ဆေးဝါးများ သိုလှောင်ထားရှိမှုအခြေအနေ နှင့်မြွေများမွေးမြူရေးဌာန တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက လုပ်ငန်းလည်ပတ် ဆောင်ရွက်နေသည့် အခြေအနေနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ပြည်ပမှ ဆေးဝါးအများအပြား တင်သွင်းနေရကြောင်း သိရှိရသဖြင့် ပြည်တွင်း၌ အသုံးများသည့်ဆေးများကို နိုင်ငံပိုင်ဆေးဝါးစက်ရုံများမှ လုံလောက်စွာ ထုတ်လုပ် နိုင်ရေးစီမံဆောင်ရွက်ရန်”လမ်းညွှန်မှုပြုထားသဖြင့် ပြည်တွင်း လိုအပ်ချက် များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ထုတ်လုပ်မှုနှင့် သိုလှောင်မှုလုပ်ငန်းများကို စံပြုသတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း ကြပ်မတ်လိုက်နာဆောင်ရွက်ရန် မှာကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ်ရှိ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ခံက စက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးများကို ကောင်းမွန် သော ထုတ်လုပ်မှုနည်းစဉ်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်လျက်ရှိသော ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရေး ကြိုတင် ပြင်ဆင်ထားကြစေလိုကြောင်း မှာကြားပြီး အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထုတ်လုပ် သည့် နည်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် စက်မှုဝန်ကြီးဌာနပိုင် အင်းစိန်လမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့်ရှိ ယခင် ယန္တရားဝင်းနှင့် အမှတ်(၂၀၅)၊ ကမ်းနားလမ်း၊ အလုံမြို့နယ်ရှိ ရေခဲ ထုတ်လုပ်သည့် စက်ရုံဟောင်းတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)