Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီနားမြို့ရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးများ စစ်ဆေး

 

နေပြည်တော်၊ ဇူလိုင် 4

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဇူလိုင် 3 ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဧရာရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး အဆောက်အဦနှင့် မြစ်ကြီးနားမြို့နယ် ဦးစီးမှူးရုံး၏ မှတ်တမ်းခန်း အခြေအနေတို့ကိုလည်းကောင်း၊ အလုပ်သမားရေးရာဆိုင်ရာ ပြည်နယ်နှင့် မြို့နယ် လူမှုဖူလုံရေးအဖွဲ့ ရုံးအဆောက်အဦ၊ ရုံးခန်းများအခြေအနေနှင့် လူမှုဖူလုံရေး၊ မြတ်မွန် အထွေထွေ ရောဂါကုဆေးခန်း တို့ကိုလည်းကောင်း၊ ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရုံးခန်းများနှင့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အဆောက်အဦ အခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရုံးဖွင့်လှစ်ဆောင် ရွက်မှုနှင့် ရုံးအဆောက်အဦများ အခြေအနေကို လိုက်လံရှင်းလင်းတင်ပြကြပြီး၊ ပြည်ထောင်စု ဝန်ကြီး က ရုံးသန့်ရှင်းသာယာလှပရေး၊ ရုံးစာရွက်စာတမ်းများ လုံခြုံရေး၊ ရုံးဝင်းအတွင်း ပြည်သူများအတွက် ခေတ္တနားနေဆောင်များစီစဉ်ပေးရေး၊ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ တားဆီး ကာကွယ်ရေး အတွက် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ နေထိုင်ဆောင်ရွက်ကြရေး မှာကြား၍ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)