နေပြည်တော် ဇူလိုင် ၄
ဒုတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီပုံမှန်အစည်းအဝေး(၁/၂၀၂၁)ကို ယမန်နေ့ နံနက်ပိုင်းက လမ်းမတော်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီကျင်းပသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ တာဝန်ခံဝန်ကြီးဌာနဖြစ်သည်နှင့်အညီ အင်ဂျင်နီယာကောင်စီ၏ လုပ်ငန်းများကို ရှေ့ဆက်လက်ပြီးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် ရှေ့ဆက်လက်ပြီး နိုင်ငံတကာစံနှုန်းများ နှင့်အညီ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ ပြင်ဆင်သည့်လုပ်ငန်းများ၊ အင်ဂျင်နီယာပညာ မြှင့်တင်သည့်လုပ်ငန်းများ၊ အင်ဂျင်နီယာများ စဉ်ဆက်မပြတ် လေ့လာသင်ကြားရေးနှင့် အင်ဂျင်နီယာ ကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ကိုင်နိုင်ရေး၊ အင်ဂျင်နီယာနှင့် အင်ဂျင်နီယာ ပညာရေး ဒေသတွင်းနိုင်ငံတကာ အသိအမှတ်ပြု ရရှိရေးလုပ်ငန်းများ အောင်မြင်အောင် ဆက်လက်ဆောင်ရွက် ရန် လိုအပ်ပါကြောင်း။ အင်ဂျင်နီယာ အရည်အသွေးစနစ်ကျစေရန်အတွက် နာယကကြီးများ၊ ကောင်စီဝင်များနှင့် ပြင်ပပညာရှင်များအားလုံး ပူးပေါင်းဆောင်ရွက် ကြိုးပမ်းကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ယနေ့ကျင်းပသည့် ပထမ (၆) လပတ် ပုံမှန်အစည်းအဝေးတွင် လစ်လပ်သွားသော ကောင်စီဝင်တစ်ဦး၏နေရာ၌ နာယကကြီးများ ရှေ့မှောက် တွင်ကတိသစ္စာပြုခန့်ထားခြင်း နှင့်တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် အတည်ပြုခန့်ထား ခြင်းများ ဆောင်ရွက်ပြီး အစည်းအဝေး (ပထမပိုင်း) အစီအစဉ်ကို အောင်မြင်စွာ ကျင်းပပြီးစီးကာ အစည်းအဝေး (ဒုတိယပိုင်း) နှင့် (တတိယပိုင်း) တို့ကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန် တိုင်းဒေသကြီးအပိုင်း)အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် (ဧရာ၀တီတိုင်းဒေသကြီး အပိုင်း)အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကိုလည်းကောင်း၊ မိုင်တိုင်အမှတ် (၃၂/၄ နှင့် ၃၂/၅) ကြားရှိ ကဇန်းတံတားချဉ်းကပ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊လင်းလွန်းပင်တံတားတိုးချဲ့ ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဗိုလ်မြတ်ထွန်းတံတားနှင့် ဧရာဝတီတံတား(ညောင်တုန်း)တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျုံကနောင်(ပန်းတနော်)-ရွှေလောင်း- ဝါးခယ်မလမ်း မိုင်တိုင်(၃/၇ မှ ၁၃/၄)အတွင်း (၉မိုင် ၄ဖာလုံ)ကို (၁၈)ပေအကျယ် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ တာဝန်ယူတည် ဆောက်နေသော ကျွန်းကုန်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို လည်းကောင်း၊ကျွန်းကုန်း-မြောင်းမြလမ်းနှင့် မြောင်းမြ- မြင်းကဆိပ်- ကံကုန်း- ပုသိမ်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ပမ္မဝတီတံတား(မြင်းကဆိပ်) တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့တွင်း လမ်းများ အခြေအနေကိုလည်းကောင်း၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၆)မှ တာဝန်ယူ တည်ဆောက်ပြီး စီးခဲ့သည့် ပုသိမ်တံတား အမှတ်(၂)သို့လည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)