Skip to main content

ရန်ကုန်မြို့ Waterboom အပန်းဖြေစခန်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်

ရန်ကုန် ဇူလိုင် ၃

ပြည်သူအများ စိတ်အပန်းဖြေစေနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သော ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှုခင်းသာမြို့ပတ်လမ်းရှိ Waterboom အပန်းဖြေ စခန်းကို တစ်နှစ်ကျော်ကြာ ယာယီရပ်နားထားရာမှ ယခုအခါ လတ်တလောဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြီးခဲ့သောရက်သတ္တတစ်ပတ်အတွင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း Yangon Waterboom အပန်းဖြေစခန်း ၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခေတ်နှင့်အညီ အပန်းဖြေနိုင်သော Yangon Waterboom အပန်းဖြေစခန်းကို ပြီးခဲ့သော ၂၀၂၀ ခုနှစ် မတ်လနောက်ဆုံးပတ်မှ စတင်ကာ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေတစ်ရပ်ကြောင့် ယာယီပိတ်သိမ်း ရပ်နားခဲ့ရာမှ ယခုပြန်လည်ဖွင့်လှစ်ချိန်တွင် တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ယခုအခါ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး  လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရာတွင် ယခင်ကဲ့သို့ နေ့စဉ်မဟုတ်ဘဲ တစ်ပတ်လျှင် ပြည်သူအများ အပန်းဖြေနိုင်စေရန် စနေနေ့နှင့် တနင်္ဂနွေ နှစ်ရက်တည်းသာ ဖွင့်လှစ်ထားပြီး အချိန်အားဖြင့်လည်း မူလအချိန်ကဲ့သို့မဟုတ်ဘဲ ပြောင်းလဲကာ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိသာ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ပြန်လည်ဖွင့်ခွင့်ပြု “Yangon Waterboom ကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေနဲ့ အညီ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အတိအကျပြောရရင် ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။  အခုလို ဖွင့်ဖြစ်တာကလည်း ဒီလုပ်ငန်းရေရှည်ပိတ်ထားရတာ အဆင်မပြေဖြစ်နေတော့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီကို ကျွန်တော်အနေနဲ့ ပြန်လည်ဖွင့်လှစ်ဖို့ စာတင်ခဲ့တယ်။ သက်ဆိုင်ရာ လူကြီးတွေကလည်း သူတို့ကိုယ်တိုင်လာကြည့်ပြီး နေ့စဉ်မဖွင့်နိုင်ရင်တောင် အဆင်သင့်တဲ့ ရက်လေးတွေကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်ခွင့်ပြုခဲ့လို့ အခုလို စနေ၊ တနင်္ဂနွေ နှစ်ရက်ကို ရွေးချယ်ကာ ဖွင့်လှစ်ပေးသွားဖို့ စီစဉ်ခဲ့တာပါ ဟု Yangon Waterboom အပန်းဖြေစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ Yangon Waterboom အပန်းဖြေစခန်းကို ပြန်လည် ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်လည်ပတ် အပန်းဖြေသည့်  လူဦးရေကို တစ်နေ့ ၅၀ မှ ၈၀ အတွင်း ကန့်သတ်ထားသည်။ ဝင်ကြေး အနေဖြင့်လည်း လူကြီးတစ်ဦး ငွေကျပ် ၂၀၀၀၀ (နေ့လယ်ခင်းစာပါ) နှင့် အရပ်လေးပေအောက် ကလေးတစ်ဦးလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ Yangon Waterboom အပန်းဖြေစခန်းကို ရန်ကုန်မြို့ ဒေါပုံ မြို့နယ် ရှုခင်းသာမြို့ပတ်လမ်းရှိ ရှုခင်းသာပန်းခြံအတွင်း၌ ၂၀၁၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဖွင့်လှစ်ရာတွင် နိုင်ငံတော်အစိုးရထံမှ (UMG Group of Companies)မှ နှစ်ရှည်ငှားရမ်းကာ Media one က တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခင် ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီက Yangon Waterboom အပန်းဖြေစခန်းကို လာရောက် လည်ပတ်အပန်းဖြေသူမှာ တစ်နေ့ပျမ်းမျှ ၂၀၀ ကျော် ၃၀၀ ဝန်းကျင်ရှိပြီး ယင်းအထဲတွင် ပြည်ပနိုင်ငံခြားသားများလည်း လာရောက် အပန်းလည်ပတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

သတင်း- မြင့်မိုရ်

ဓာတ်ပုံ- မိုးမခ