နေပြည်တော် ဇူလိုင် ၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည် ယမန်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ အရာထမ်းများကို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ တွေ့ဆုံမှာကြားသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါပိုး ဝင်ရောက် မကူးစက် စေရေးအတွက် တာဝန်ခရီးမှလွဲ၍ ခရီးထွက်ခွာခြင်းမပြုရန်၊ မိသားစုကိစ္စရပ်များရှိပါက ခွင့်ပြုမိန့် ရမှသာထွက်ခွာရန်၊ ဖြစ်နိုင်ပါက အစည်းအဝေးများအား Online Platform များဖြင့် ကျင်းပရန်၊ လူကိုယ်တိုင်တက်ရောက်ရမည့် အစည်းအဝေးများအား မဖြစ်မနေကျင်းပရမည် ဆိုပါက နေရာ အကျယ်အဝန်းသည် လူတစ်ဦးလျှင် (၃၆) စတုရန်းပေ အကျယ်အဝန်းဖြင့် တွက်ချက်၍ အများဆုံး လူဦးရေ (၅၀) ထက်မပိုစေဘဲကျင်းပရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာ ခပ်ခွာခွာနေထိုင်ရန် (Physical Distancing)၊ သန့်ရှင်းရေးပုံမှန်ပြုလုပ်ရန်နှင့် ပိုးသတ်သန့်စင်ရန်၊ ရုံး ကြို/ပို့ ယာဉ်များ ပေါ်တွင် တစ်ဦးနှင့်တစ်ဦး တစ်ခုံခြားနှင့် Zig-zag ထိုင်ရန်၊ Mask တပ်ဆင်ရန်နှင့် လက်ကို မကြာခဏ ဆေးကြောရန်တို့ ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေးဖြစ်ပါကြောင်း၊ တိုင်းသူ ပြည်သားအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်း လမ်းညွှန် (Version 3.0)၏ QR-code ကို မိမိတို့၏ မိုဘိုင်းဖုန်းများဖြင့် အလွယ်တကူ Scan ဖတ်၍ ရယူသိမ်းဆည်း ထားသင့်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ဝင်ရောက် မကူးစက်စေရေးအတွက် ပြုမူနေထိုင်ကြရန် လိုအပ်ပါကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)