နေပြည်တော် ဇူလိုင် ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ဇူလိုင် ၂ ရက်၊ နံနက် (၉)နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများနှင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ များ အများအပြားရှိနေသည့်အတွက် ယခုပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မှတ်ပုံတင်ဓါတ်ပုံ ရိုက်ကူးခြင်းနှင့် သွေးအုပ်စုခွဲခြားခြင်း ကုန်ကျစရိတ်တို့ကိုလည်း နိုင်ငံတော်မှ ကျခံဆောင်ရွက် ပေးထားခြင်းဖြစ်ပါကြောင်း လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရသည့်အတွက် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ ရရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်း ပျက်စီး/ ပျောက်ဆုံး မှုမရှိစေရေးအတွက် စနစ်တကျကိုင်တွယ် ထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးခက်ထိန်နန် က ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်း(၁၀၅)စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၃၆၃)ကတ်ကို ပေးအပ်ကြရာ ကာယကံရှင် ပြည်သူများနှင့် ရပ်မိရပ်ဖကိုယ်စားလှယ်များက လက်ခံရယူပြီး ဒေသခံပြည်သူများကိုယ်စား ဦးရဲဇာရဲ က ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်လွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မလိခခန်းမ၌ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)