နေပြည်တော် ဇူလိုင် ၃
၂၀၂၁ ခုနှစ် (၉၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗဟိုသမဝါယမအသင်းလီမိတက်မှ နာယကနှင့်ဥက္ကဋ္ဌ၊ သမဝါယမ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အသင်းစုချုပ်ဥက္ကဋ္ဌများ က Video Conferencing ဖြင့် ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က နိုင်ငံတော်က ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်၌ ပါဝင်သည့် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ သမဝါယမအသင်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးသမဝါယမအသင်းများ အနေဖြင့် ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ဝယ်လိုအားတစ်ရပ် ဖြစ်ပေါ်လာစေရန် ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သမဝါယမအသင်းများ၏ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းအတွက်လည်း ပံ့ပိုးငွေ ငွေကျပ်သန်း(၂၆၃၃၀ ဒသမ ၅၇၃) ဖြင့် လယ်မြေ ဧက(၈၉၆၃၃ ဒသမ ၆၀) ဧကကို စိုက်ပျိုးရာသီအချိန်မီ ပြုပြင်ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့ရပါကြောင်း၊ သွင်းအားစုပံ့ပိုးခြင်းအနေဖြင့်လည်း မြေဩဇာ (၁၄၃၆၈၅) အိတ်၊ မျိုး(၅၆၅)အိတ်၊ ပိုးသတ်ဆေး (၂၉၅၁၂)အိတ်၊ တန်ဘိုးအားဖြင့်( ၄၇၀၈ဒသမ ၆၀၃ ) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း၊ လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုသမဝါယမအသင်း (၁၆၂) သင်းမှလည်း ရိတ်သိမ်းခြွေလှေ့ စက်(၁၁၄)စီး၊ ထွန်စက်ကြီး(၄၅၂)စီး၊ အခြားစက် ကိရိယာ(၆၄)စီးတို့ဖြင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအတွက် လယ်ယာဝန်ဆောင်မှုများ ပေးနိုင်ခဲ့ပါကြောင်း။
အသင်းသားပြည်သူ (၄ဒသမ၂)သန်းဖြင့် ဖွဲ့စည်းထားသည့် သမဝါယမအသင်းပေါင်း သုံးသောင်း ကိုးထောင်ကျော်၏ ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် သမဝါယမ အသင်းများ၊ အသင်းသားများအနေဖြင့် ခေတ်စနစ်နှင့် လျော်ညီသည့်အတွေးသစ်၊ အမြင်သစ်များနှင့် တီထွင်ကြံဆကာ ပိုမိုတိုးတက်ကောင်းမွန်သည့် အသင်းများဖြစ်လာအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုသမဝါယမအသင်းလီမီတက် ဥက္ကဋ္ဌ ဦးအောင်ဖြူ က အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမ အဖွဲ့ချုပ်မှပေးပို့သည့် သဝဏ်လွှာကို ဗဟိုသမဝါယမအသင်းလီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာ တိုးနန္ဒာတင် က ဖတ်ကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဂုဏ်ပြုမှတ်တမ်းတင် Video Clip ကို ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
(သတင်းစဉ်)