Skip to main content

မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာတွင် တောမီးလောင်ကျွမ်းရာမှ တစ်ဆင့် လူနေအိမ်ခြေ (၇၀)ခန့် မီးလောင်မှုဖြစ်ပွား

မင်းဘူး     ဖေဖော်ဝါရီ          ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာတွင်  ယမန်နေ့ ညနေ ၅ နာရီခန့်က တောမီးလောင်ကျွမ်းရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၇၀) ခန့် မီးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ဖြစ်စဉ်မှာ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာ၏ အနောက်တောင်ဘက်တွင်  တောမီးလောင်ကျွမ်းရာမှ တစ်ဆင့် အိုးပြင်မဲကျေးရွာနေ ဉီးတင်ရွှေ၏ နွားတင်းကုပ်ပေါ်သို့ မီးဖွားကျကာ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ်များသို့ ဆက်လက်ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ မင်းဘူးခရိုင်မီးသတ်ဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်(၄၀)ဦး၊ အိုင်းမကျေးရွာ ရဲစခန်းမှူး ရဲအုပ်ခင်မောင်ဇော်နှင့် အဖွဲ့ဝင်(၅) ဦး၊ အိုင်းမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေး၊ အိုးပြင်မဲကျေးရွာ ရွာခွဲတာဝန်ခံနှင့် ကျေးရွာ ပြည်သူ လူထု(၂၀၀) ဦးခန့် စုစုပေါင်းအင်အား(၂၅၀) ဦးခန့် တို့မှ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၃) စီး၊ ထောက်ရှာပင်(ကမ်းနီ)ရေနံမြေမှ မီးသတ်ယာဉ် (၁)စီး၊ ရွှေစက်တော် မီးသတ် စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ပဒါန်းကျေးရွာမှ မီးသတ်ယာဉ်(၁)စီး၊ စကုနယ်မြေမီးသတ်စခန်းမှ မီးသတ် ယာဉ်(၁)စီး၊ စုစုပေါင်းမီးသတ်ယာဉ်(၈)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည (၁၀) နာရီ (၂၀) မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)