Skip to main content

ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေး အခြေအနေတိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက် (မူကြမ်း) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂၉

ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း (Early Childhood Intervention- ECI) စီမံချက် (မူကြမ်း) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံး EC အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်နားခဲ့ရသည့် ECI လုပ်ငန်းပြန်လည် စတင်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်မူကြမ်းကို ရေးဆွဲရခြင်းဖြစ်ပါကြောင်း၊ ကလေးများဖွံ့ဖြိုးရန်အတွက် ဉာဏ်ရည်ဖွံ့ဖြိုးမှုအရေးပါသလို အာဟာရပြည့်ဝရန်လိုအပ်ပါကြောင်း၊ ကလေးများတွင် ပုံမှန်ဖွံ့ဖြိုးမှုရှိသော ကလေးများရှိသလို ဖွံ့ဖြိုးမှုနှေးသည့် ကလေးများလည်းရှိနိုင်ပါ ကြောင်း၊ စောစီးစွာ တိုင်းတာစစ်ဆေးမှုများပြုလုပ်ပြီး  ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကလေးများ၏ ဖွံ့ဖြိုးမှုများသည် လူ့ဘဝအစရက် (၁၀၀၀) ကာလမှ ကလေးအသက်(၃)နှစ်ခန့်အထိ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်နေပါ ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် မွေးစမှ(၈) နှစ်အထိ သတ်မှတ်ထား သော်လည်း ECI ဝန်ဆောင်မှုအတွက် စောနိုင်သမျှစောသိလျှင် ပိုကောင်း ပါကြောင်း၊ သို့မှသာ မသန်စွမ်းဖြစ်မှုလျှော့ချနိုင်မှာဖြစ်ကြောင်း၊ ECI ဝန်ဆောင်မှုမှာ ကလေး သူငယ်များဖွံ့ဖြိုးတိုး တက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်မှ တက်ရောက်လာသူ များအနေဖြင့် လက်ရှိမြေပြင်အခြေအနေအရ ဆောင်ရွက်နိုင်မှု အခြေအနေကို ဆွေးနွေးပေးရန် လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် ECCD Resource Center မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနန်းဦးက ရှေးဦး အရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း စီမံချက်(မူကြမ်း)ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ECI ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများက လက်ရှိဆောင်ရွက်နိုင်မှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ECI ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွင်း ကလေးသူငယ်များကို စောစီးစွာ တိုင်းတာစစ်ဆေးခြင်းနှင့် ဆောင်ရွက် ရသလို ပြည်သူလူထုအတွင်း အထူးသဖြင့် မိဘများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ထားပြီး ၎င်းတို့အနက် လိုအပ်သူများက ဝန်ဆောင်မှုရယူရန် နေရာများကို ဆက်သွယ်လာသည့်   (Passive Case Detection) လည်းရှိပါကြောင်း၊  အဆိုပါနည်းလမ်း(၂)ခု ကို ဟန်ချက်ညီဆောင်ရွက်နိုင်ရေး စီမံချက် တွင် ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါကြောင်း၊  ECI Specialist Team တွင် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများဖြင့် တိုးချဲ့ဖွဲ့စည်းစေလိုပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်ချက် အသေးစိတ်ရေးဆွဲရာ တွင် အပိုင်း() ပိုင်းခွဲ၍ Phase (1) အနေဖြင့် အသိပညာ ပေးခြင်းနှင့် online သင်တန်းများပေး စေလိုပါကြောင်း၊ Phase(2) အနေဖြင့် ဖွံ့ဖြိုးမှုနှောင့်နှေး ခြင်းနှင့် မသန်စွမ်းမှု အလားအလာရှိသည့် ကလေးများကို မှတ်တမ်းတင်ခြင်း၊ လွှဲပြောင်းပေးပို့ ခြင်းနှင့် နောက်ဆက်တွဲ ပြုစုစောင့်ရှောက်ခြင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ECI Task Force သက်ဆိုင်သူများ အားလုံးပါဝင်စေရေး ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကနဦးစီမံချက်ဝင် မြို့နယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရှမ်းတဲကြီး ကျေးရွာ၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နှင့် ချောင်းဦးမြို့နယ်၊ ငါးလုံးတင် ကျေးရွာ၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းကျေးရွာနှင့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရပ်ကွက်(၁)နှင့် ကန်ကြီးထောင့် မြို့နယ်၊ ဒါးကကျေးရွာများ၏ ဆောင်ရွက်ချက်များ အပေါ်တွင် သုတေသနဆန်းစစ်ချက်များ ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)