Skip to main content

အရည်အသွေးကောင်း အားလူးများ စီးပွားဖြစ်အမြောက်အများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တစ်သျှူးနည်းပညာသုံး မျိုးအာလူးများ ထုတ်လုပ်ပေးမည်

နေပြည်တော် ဇွန် ၂၉

အရည်အသွေးကောင်း အားလူးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တစ်သျှူး နည်းပညာ အသုံးပြု၍ မျိုးအာလူးထုတ်လုပ်နိုင်ရေးကို ဌာနပိုင် သုတေသန ဓါတ်ခွဲခန်းများ၊ စိုက်ပျိုး ရေးခြံများ နှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများအတွက် စီမံချက်များ စနစ်တကျ ညှိနှိုင်းရေးဆွဲရန် လိုအပ် ကြောင်း၊ ရေရှည်တွင် စီးပွားဖြစ် မျိုးထုတ်လုပ်ခြင်းနှင့် မျိုးသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းကို ပုဂ္ဂလိကပိုင်းက ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်း များ ထိရောက်အောင်မြင်ရေးအတွက် ဘက်စုံပူးပေါင်းဆောင် ရွက်ရန်လိုအပ်ကြောင်း ဇွန်၂၇ ရက်က ရှမ်းပြည်နယ် ဟဲဟိုးအာလူး အသင်း၊ နောင်တရား အာလူးစိုက်တောင်သူ အသင်းများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

တွေ့ဆုံပွဲသို့ ဟဲဟိုးအာလူးအသင်း နှင့် နောင်တရား အာလူး စိုက်တောင်သူအသင်းတို့မှ ဥက္ကဌများ၊ ဟဲဟိုး နှင့် နောင်တရား အာလူး စိုက်တောင်သူအစုအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လက်ရှိ အာလူးစိုက်ပျိုးထုတ်လုပ်နေမှု မျိုးအာလူး သိုလှောင်မှုများနှင့် တိုးချဲ့ဆောင်ရွက်မည့် ရှေ့ လုပ်ငန်းစဉ်များတွင် မျိုးအာလူး တင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်ရရှိရေး၊ စားသုံးရန် အားလူးများ ပြည်ပမှတင်သွင်းနေမှုကို ထိန်းချုပ်ရေး၊ အာလူးစိုက်ပျိုးစရိတ် ချေးငွေရရှိရေးဆိုင်ရာ များကို ဆွေးနွေးကြသည်။

ရှမ်းပြည်နယ်တွင် အားလူးစိုက်ဧက ငါးသောင်းကျော်ရှိကြောင်း၊ အားလူးစိုက်ပျိုးရာတွင် အထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ရေးအတွက် မျိုးထား မျိုးလှောင် အသုံးပြုခြင်း လိုအပ်ချက် ကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာန တို့ ပူးပေါင်း၍  တစ်သျှူးနည်းပညာဖြင့် မျိုးအာလူးများ ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး မျိုးသန့်ပွားများခြင်းလုပ်ငန်းများတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များက ပါဝင်ပူးပေါင်း ဆောင်ရွက်ရေးနှင့် မျိုးပွားခြင်း မျိုးသိုလှောင်ခြင်းနှင့် မျိုးဖြန့်ခြင်းကို အကျိုးဆောင်တောင်သူများ ဖွဲ့စည်းလျက် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်စဉ် အောင်ပန်းနှင့် ဟဲဟိုးဒေသအတွင်း ဟင်းသီးဟင်းရွက် လက္ကားဈေးများ တည်ထောင်ခြင်းနှင့် လယ်ယာထွက်ကုန် အခြောက်လှန်းခြင်း၊ သိုလှောင်ခြင်းနှင့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် မြေနေရာ ရွေးချယ်သတ်မှတ်နိုင်ရေး ကြည့်ရှု စစ်ဆေးသည်။

အလားတူ ကလောမြို့နယ် အင်းခေါင်း ကျေးရွာတွင် ဟဲဟိုးအာလူးကုမ္ပဏီ၏ အအေးခန်း သိုလှောင်ရုံနှင့် နောင်တရားရှိ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေး ထွက်ကုန်များ ပြုပြင် ထုပ်ပိုးရေးစင်တာနှင့် အအေးခန်းသိုလှောင်ရုံ တည်ဆောက်ခြင်း လုပ်ငန်းခွင်များကို ကြည့်ရှု အားပေးသည်။

လက်ရှိတွင် ဟဲဟိုး၌ သိုလှောင်ရုံ (၂)ခုရှိပြီး မျိုးအာလူး တန်၁၅၀၀ ခန့်သာ သိုလှောင် နိုင်လျက်ရှိရာ တည်ဆောက်လျက်ရှိသည့်သိုလှောင်ရုံများပြီးစီးပါက အင်းခေါင်း အအေးခန်း သိုလှောင်ရုံ တွင် မျိုးအာလူး တန် ၁၀၀၀ နှင့် နောင်တရား အအေးခန်း သိုလှောင်ရုံတွင် တန် ၂၀၀၀ ၊ စုစုပေါင်း မျိုး အာလူး တန် ၃၀၀၀ ထပ်မံ သိုလှောင်နိုင်မည် ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)