Skip to main content

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၈

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မွန်ပြည်နယ် သထုံခရိုင် စစ်တောင်းတံတားအသစ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် များအား စစ်ဆေးနေစဉ် မြဝတီမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ အင်းစိန် မြို့နယ် ဖော့ကန်ကျေးရွာနေ ဇော်ဇော်အောင်(၃၅)နှစ် (ဘ)ဦးသန်းဌေး မောင်းနှင်ပြီး ဦးကျော်လွင်(၄၅)နှစ် လိုက်ပါလာသော YGN 6C/3110 Hyundai ခရီးသည်တင်မှန်လုံယာဉ်ကို စစ်ဆေးခဲ့ရာ ယာဉ်၏ဝမ်းဗိုက် အတွင်း တင်ဆောင်လာသော “စည်သူ အမည်ပါ ကတ်ထူပုံးအတွင်းမှ  ပစ္စတိုသေနတ် တစ်လက်၊ လေသေနတ် လေးလက်၊ ပွိုင့် ၃၈ ကျည်တောင့် ၁၀၀ နှင့် ဆက်စပ်ပစ္စည်များကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ခွေးပ်ကျေးရွာရှိ ရွှေဘုံသာဘုန်းကြီးကျောင်း၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းထားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ရာ ဘုန်းကြီးကျောင်းဝင်းအနောက်ဘက်ရှိသီလရှင်အဆောင်ဟောင်း အတွင်းမှ အဆိုပါကျေးရွာနေ မင်းကိုနိုင် (၃၄)နှစ် (ဘ)ဦးဝမ်းကို တောစီးလည်တိုဖိနပ် ကိုးရန်၊ မီးသတ်ဆေးဘူးအခွံ နှစ်ဘူး၊ လက်ကိုင် စကားပြောစက်သုံးလုံး၊ အားသွင်းခုံလေးခု၊ ပြုလုပ်သေနတ်သစ်သား ကိုယ်ထည် တစ်ခု၊ အပစ်ခလုတ် သုံးခု၊ စတီးဘောစေ့ ၂၅ စေ့နှင့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်