နေပြည်တော်၊ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်၌ ယာဉ်စစ်ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအား ဆိုင်ကယ်ဖြင့် တိုက်ပြေးသူ အမျိုးသားတစ်ဦးအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ လက်လုပ်ဗုံး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက်နေ့ ညပိုင်းတွင် ထန်းတစ်ပင်မြို့နယ်၊ သပြေခြံကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လုံခြုံရေးဆောင်ရွက်နေစဉ် ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် အသက်(၃၀)နှစ်ခန့် အမျိုးသား ၁ ဦးမောင်းနှင်လာသည့် ၅၂ယ/ ၂၇၃၇ နံပါတ်တပ်ဆင်ထားသော DAYANG အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား စစ်ဆေးရန်ရပ်တန့် ခိုင်းစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်၍ ထွက်ပြေး သွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါဆိုင်ကယ်မှာ လဲကျသွားခဲ့ပြီး သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအမျိုးသားတွင် ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင်စဉ် အကြမ်းဖက်သူ အမျိုးသားမှာ သေဆုံးသွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါအမျိုးသား မောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ အရှည်(၈)လက်မ၊ အကျယ် ၂ လက်မခန့်ရှိ PVC ပိုက် အပြာရောင်ဖြင့် ပြုလုပ်ထားပြီး ဆေးအမဲသုတ်ထားသော လက်လုပ်ဗုံး(၂)လုံးအား သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်၍ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်