Skip to main content

ကပ်ရောဂါကာလ မူးယစ်ဆေးဝါးအန္တရာယ်

ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့က ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး စုစုပေါင်း တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်ဖိုးနှင့် ဆက်စပ်ပစ္စည်းပေါင်း အမျိုး၆၀တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံတစ်ဝန်းမှ တစ်နှစ်တာ ကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဆေးခြောက်၊ ကတ်တမင်း၊ ကဖင်း စသည်တို့ ပါဝင်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့က အသွားအလာများ ကန့်သတ်နေရချိန်၊ ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးကို ဂရုပြု အာရုံစိုက်နေရချိန်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုကို အခွင့်ကောင်းယူကာ တိုးတက်များပြား လာကြသည်။ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုအများစုတို့မှာ တရားဥပဒေစိုးမိုးမှုနှင့် အလှမ်းဝေးပြီး ငြိမ်းချမ်းရေးမရရှိသေးသည့် နယ်စွန်နယ်ဖြားဂေးလံခေါင်းပါးသည့် ဒေသများမှ ဖြစ်သည်။ ယင်းနေရာများမှ ထုတ်လုပ်လိုက်သည့် မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံအတွင်းလမ်းပေါင်းစုံမှ ဖြတ်ကျော်သယ်ဆောင်ကြပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် နိုင်ငံတကာ ဈေးကွက်သို့ အဆင့်ဆင့်လွှဲပြောင်းရောင်းချနေခြင်းဖြစ်ရာ နိုင်ငံစုံ ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်လျက်ရှိသည်။

ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာလျက်ရှိရာ ၂၀၁၈ ခုနှစ်အတွင်းက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူ ၂၆၉ သန်းတို့ မူးယစ်ဆေးဝါးသုံးစွဲခဲ့ကြသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးက ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ မူးယစ်ဆေးဝါး သုံးစွဲမှုသည်လည်းကောင်း၊ သယ်ဆောင်ရောင်းဝယ်မှုသည်လည်းကောင်း လူ့အဖွဲ့ အစည်းအတွင်း ပြဿနာများစွာတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်စေသည်။ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ပြဿနာများ၊ ရာဇဝတ်မှုခင်းများ တိုးမြင့်လာခြင်း၊ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှု၊ ငွေမည်းခဝါချမှု စသည်တို့အပြင် လက်နက်ကိုင်အဖွဲ့ အစည်းများပါ ပါဝင်ပတ်သက်နေပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးတို့အထိ အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။  ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှု အခြေအနေများ နိုင်ငံတိုင်းတွင် ဖြစ်ပေါ်လျက်ရှိရာ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးလာသူ၊ စားဝတ်နေရေး ခက်ခဲလာသူများ၊ မူးယစ်ဆေးဝါး ရာဇဝတ်မှုများတွင် ပိုမိုပါဝင်ပက်သက်လာနိုင်ဖွယ် ရှိနေသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ခံယူကာ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်မှု များမှာ နည်းလမ်းသစ်များ၊ လမ်းကြောင်းသစ်များ သုံးစွဲလာသည့်အလျောက် တားဆီးနှိမ်နင်းမှုဘက်တွင်လည်း ပိုမိုမြင့်မားသည့် နည်းပညာများနှင့် ခေတ်မီပစ္စည်း ကိရိယာ များ၏ အထောက်အကူပြုမှုများလည်း လိုအပ်လာသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း မူးယစ်ဆေးဝါးသယ်ဆောင်သည့် လမ်းကြောင်းများစွာတို့တွင် ရှာဖွေစစ်ဆေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခြင်း၊ တားဆီးပိတ်ဆို့ခြင်း၊ ထုတ်လုပ်သည့်နေရာများကို ရှာဖွေဖော်ထုတ်ခြင်း စသည်တို့သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူသားတို့၏ရန်သူ မူးယစ်ဆေးဝါးကို ဆတက် ထမ်းပိုးကိုး၍ နှိမ်နင်းနိုင်ပါစေကြောင်း။   ။