Skip to main content

စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂၈

စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရပ်နားထားသည့် စက်ရုံ၊ အလုပ်ရုံများအမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်စက်ရုံများမှ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့် ထုတ်ကုန်များကို လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စက်ရုံများပြန်လည်လည်ပတ်နိုင်ရန်နှင့် လည်ပတ်ရန်အဆင်သင့်ဖြစ်စေ ရန်အတွက် လာမည့်ဘတ်ဂျက်နှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်များ တောင်းခံရာ၌ မဖြစ်မနေ သုံးစွဲရမည့်စက်များ ပြုပြင်ထိန်းသိမ်းခြင်း၊ ပြန်လည်လည်ပတ်နိုင်ရန်ဆောင်ရွက် ရမည့် အသုံးစရိတ်များကိုသာ ထည့်သွင်းလျာထားရေးဆွဲရမည်ဖြစ်ကြောင်း၊ သာမန်အသုံးစရိတ် တောင်းခံရာတွင်လည်း ထုတ်လုပ်မှုဆောင်ရွက်ရန်အတွက် ကုန်ကြမ်းဝယ်ယူခြင်း၊ စက်လည်ပတ်စရိတ်များ၊ စွမ်းအင်စရိတ်၊ လစာစရိတ်၊ စီမံခန့်ခွဲမှုစရိတ်များကိုသာ ညွှန်ကြား ချက်များနှင့်အညီ ထည့်သွင်းရေးဆွဲရမည် ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ “မြို့တွင်းပြေးဆွဲသည့် လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်သွားရန်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကိုအားပေးရန်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းရှိ SME များကို အားပေးဆောင် ရွက်သွားရန်၊ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့တော်များတွင် ဖွံ့ဖြိုးရေးဇုန်၊ စက်မှုဇုန်များကို လုပ်ဆောင်ရန်၊ ပြည်တွင်းအထည်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် အားပေးဆောင်ရွက်ရန်၊ ပုဂ္ဂလိကပိုင်ပြုလုပ်နိုင်ခြင်းမရှိသော ရပ်နားထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည် လည်ပတ်ရန်၊ သာပေါင်းစက္ကူစက်ရုံနှင့် မှန်စက်ရုံများကို ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်၊ ပြည်ပထုတ် ဘိလပ်မြေနှင့် အရည်အသွေး မကွာသော ဘိလပ်မြေများ ပြည်တွင်းစက်ရုံများမှ ထုတ်လုပ်ရန် စသည်တို့ကို လမ်းညွှန်မှုပြုထားသဖြင့် အမြန်ဆုံး အကောင်အထည်ဖော် နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၏ လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများကိုသိရှိမှသာ မှန်ကန်သောမူဝါဒများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်မည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် တက်ရောက်သူများမှ ရပ်နားထားသည့် စက်ရုံ၊အလုပ်ရုံများ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ထမ်းဟောင်းများအသင်း ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး အသင်း၏ မူဝါဒ၊ ရည်ရွယ်ချက်နှင့် လက်ရှိ ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြရာ ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)