နေပြည်တော် ဇွန် ၂၈
လုပ်ငန်းသုံးယာဉ်အုပ်စုတွင် ပါဝင်ပြီးအထူးတည်ဆောက်ထားသည့် Special Purpose Vehicle ယာဉ်များ တင်သွင်းမှုနှင့် သက်ဆိုင်သော မူဝါဒလုပ်ထုံး လုပ်နည်းများ ညှိနှိုင်းအစည်း အဝေးနှင့် နယ်စပ်ကုန်သွယ်ရေးအသင်းများနှင့် ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေးခြင်း အစည်း အဝေးများတို့ကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းသည့် မူဝါဒများနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်သာ ကိုင်သာရှိစေရေးနှင့် နိုင်ငံတော်မှ ရသင့်ရထိုက် သော အခွန်များရရှိရေး ဦးတည်ပြီး မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးမော်တော် ယာဉ်များ တင်သွင်းရာတွင် နယ်စပ်စခန်းများမှ Brand New လုပ်ငန်းသုံးမော်တော်ယာဉ်များ ကိုသာ တင်သွင်းခွင့်ပြုရန်နှင့် ပို့ကုန်/ သွင်းကုန်ကုမ္ပဏီ များမှ ပုံမှန်လိုင်စင်ဖြင့် မော်တော် ယာဉ်တင် သွင်းခြင်းများကို ကန့်သတ်၍ အရောင်းစင်တာ၊ အရောင်းပြခန်း ဖွင့်လှစ်ထားရှိသော ကုမ္ပဏီများမှ တင်သွင်းရောင်းချခွင့်ပြုရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များသို့ အသိပေးခဲ့ပြီးဖြစ်ပါကြောင်း။
လုပ်ငန်းသုံးယာဉ်အုပ်စုတွင် ပါဝင်ပြီး အထူးတည်ဆောက်ထားသည့် Special Purpose Vehicle များဖြစ်သည့် အမှိုက်သိမ်းယာဉ်၊ ရေပုတ်စုပ်ယာဉ်၊ လူနာတင်ယာဉ်၊ ရေသယ်ယာဉ်၊ ဆီသယ်ယာဉ်၊ LPG/ LNG တင်ယာဉ်နှင့် Truck with Crane ကဲ့သို့ ယာဉ်တင်သွင်းမှုနှင့် ပတ် သက်၍ လက်ရှိကျင့်သုံးနေသော မူဝါဒများ ပြန်လည်လေ့လာသုံးသပ်ရန်အတွက် ယခုကဲ့သို့ အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အစည်းအဝေးသို့ တက်ရောက်လာကြ သည့်ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် အကြံပြုဆွေးနွေးပေးစေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Virtual စနစ်ဖြင့် ကျင်းပသည့် နယ်စပ် ကုန်သွယ်ရေးအသင်းများနှင့် ကုန်သွယ်မှုကိစ္စရပ်များဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်မှုအခြေအနေများ၊ မြေပြင်တွင်လက်တွေ့ဆောင်ရွက် နေမှုအခြေအနေများကို တက်ရောက်လာကြသူများက ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)