Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသစိမ်းလန်းစိုးပြည်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဇွန် ၂၇ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်ထားသော ကောင်းမှုတော် ပျိုးဥယျာဉ်အတွင်း အပူပိုင်းဒေသတွင်ပေါက်ရောက်သော သစ်မျိုး ၂၂ မျိုး၊ ပျိုးပင် ၄၅၀၀၀ ပျိုးထောင်ထားရှိမှု ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကြိုးပြင်ကာကွယ်တောရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနက တည်ထောင်ထားသော  ၃/၂၀၂၁ တစ်အုပ်တစ်မ တမာ၊ မြန်မာကုက္ကို၊ ပိတောက် အပင် ၃၀၀၀ စိုက်ပျိုးထားရှိမှု၊ ရှင်သန်မှုအခြေအနေနှင့် ၂/၂၀၂၀ အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်း တမာပင် ၂၀၀၀ ၏ ရှင်သန်အောင်မြင်နေမှု၊ ထိန်းသိမ်းဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နတ်ရေကန်ကြိုး ပြင်ကာကွယ်တောရှိ ၂၀၂၀ ခုနှစ် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ၃၁ ဧက၏ အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ဗောဓိတထောင် အထူးစိမ်းလန်းစိုပြည်ရေး စီမံကိန်းဧရိယာသို့ရောက်ရှိရာ စီမံကိန်း ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်းပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေး ကောင်စီရုံးတွင် စစ်ကိုင်းတိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ၂၀၂၁ မိုးရာသီ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးမည့် အစီအမံများ၊ ကျေးရွာသုံး ထင်းစိုက်ခင်းများတည်ထောင်မည့် အစီအမံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ သတ္တုကဏ္ဍဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီတို့ အပြန်အလှန်ပေါင်းစပ် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသူများက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

(သတင်းစဉ်)