နေပြည်တော် ဇွန် ၂၈
၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ၈ မျိုးအနက် အမြင့်ဆုံးဘွဲ့တံဆိပ် ၂ မျိုးဖြစ်သည့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ အမျိုးသား ၁၁ ဦး၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၃၉ ဦးရှိပြီး သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း။
ယခုအခမ်းအနားသည် ဆရာတော်သံဃာတော်များ မပါဝင်ဘဲ လူပုဂ္ဂိုလ်များသာ သီးသန့် ချီးမြှင့်အပ်နှင်းသည့်အခမ်းအနားဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆပ်ကော်မတီများအနေဖြင့် ခမ်းခမ်းနားနားပြင်ဆင်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ထို့အတူ ကျန်ရှိသည့် သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ၆ မျိုး ရရှိကြသော အမျိုးသား၃၃ ဦး၊ အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၈၅ ဦးတို့ကိုလည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတို့၏ ဦးဆောင်မှုဖြင့် နေပြည်တော် ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် သတ်မှတ်နေရာအသီးသီးတို့၌ တစ်ချိန်တည်းတစ်ပြိုင်တည်း ဘွဲ့တံဆိပ်ချီးမြှင့် အပ်နှင်းပွဲ အခမ်းအနားများ ကျင်းပသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားပြင်ဆင်ရေးနှင့် အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ၊ တည်းခိုရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီတို့က ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် (၂၁)ချက်အပေါ် ဆောင်ရွက်ထားရှိမှုနှင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သတင်းမှတ်တမ်းရိုက်ကူးရေးအတွက် နိုင်ငံပိုင် သတင်းမီဒီယာများဖြင့် ရိုက်ကူးထုတ်လွှင့်နိုင်ရေးနှင့် အခမ်းအနားသို့ ဘွဲ့ခံပုဂ္ဂိုလ်များကို ကင်မရာများ ယူဆောင်ခွင့်မပြုသည့်အတွက် မှတ်တမ်းဓာတ်ပုံ/ ဗီဒီယိုများ ကူးယူဆောင်ရွက် ပေးနိုင်ရေး သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးဆပ်ကော်မတီမှ စီစဉ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် စစ်ဆေးခြင်းများကို ဘွဲ့ခံပုဂ္ဂိုလ်များ၊ အထောက်အကူပြု ပုဂ္ဂိုလ်များနှင့် လိုက်ပါဆောင်ရွက်မည့် ဝန်ထမ်းများ၊ ယာဉ်မောင်းများကို ကျန်းမာရေးဆပ်ကော်မတီအနေဖြင့် ကြိုတင်စစ်ဆေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ လုံခြုံရေးဆပ်ကော်မတီမှ အထူးကြပ်မတ် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်၍ ခန့်ငြားထည်ဝါစွာ ဆောင်ရွက်သွားကြရန်အတွက် ဆပ်ကော်မတီများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)