နေပြည်တော် ဇွန် ၂၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဝန်ထမ်းရေးရာ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အပြီးသတ် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ကိုဗစ်-၁၉ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို အထူးအလေးထား ဆောင်ရွက်နေရသဖြင့် ဝန်ထမ်းများအနေဖြင့် ရုံးတက်/ ရုံးဆင်း၊ ရုံးလုပ်ငန်းခွင်အတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်သွားရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့် (၃) ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ ပထမအဆင့်အနေဖြင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ခရီးစဉ်ဒေသအသီးသီး၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အထိုက်အလျောက် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ဒုတိယ အဆင့်အနေဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေး Pilot Project များကို ခရီးစဉ်ဒေသများ၌ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယအဆင့်အနေဖြင့် Inbound Tourism ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဈေးကွက်ခိုင်မာမှုရှိပြီးဖြစ်သော တရုတ်၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံသား ခရီးသည်များကို ဖိတ်ခေါ်ရန်နှင့် ၎င်းတို့ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်ချက်များကို အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းညှိနှိုင်း စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မကြာမီ ကျင်းပမည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်း အဝေးသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံးအကြိမ်ကျင်းပသည့် နိုင်ငံတော် အဆင့် အစည်းအဝေးဖြစ်သည့်အတွက် အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရန် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဆိုပါ ဗဟိုကော်မတီအစည်းအဝေးတွင် တက်ရောက်လာကြ မည့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများကပါ ဆောင်ရွက်လိုသည့် အကြံဉာဏ်ကောင်းများ၊ အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆွေးနွေးပြီး လက်တွေ့ဆောင်ရွက်နိုင်သော လုပ်ငန်းအစီအမံများ ပေါ်ထွက်လာနိုင်စေရေးအတွက် အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့ သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)