ကျောက်ဖြူ ဇွန် ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လူငယ်၊ လူရွယ်များအနေဖြင့် စာပေကိုလေ့လာဖတ်ရှုမှုများ ပိုမို တိုးပွားလာစေရန်ရည်ရွယ်၍ အဆိုပါမြို့ရှိပင်လယ်ကမ်းခြေတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွေ့လျား စာကြည့်တိုက် Mobile Library ကို ပထမအပတ်စဉ်အဖြစ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အပတ်စဉ် ပုံမှန်ပြု လုပ်သွားမည်ဖြစ်ကြောင်း “စာပီကမ်းခြီ” အဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“ကျွန်တော်တို့ စာပီကမ်းခြီ ရွေ့လျားစာကြည့်တိုက်(ကျောက်ဖြူ)ရဲ့ စာအုပ်၊စာစောင်များငှားရမ်း ခြင်းကို ကျောက်ဖြူကမ်းခြေမှာ ပထမအပတ်စဉ်အဖြစ် စတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ဒီအပတ် စဉ်မှာဘဲ စာပေလာရောက်ဖတ်ရှုကြတဲ့ စာပေဝါသနာရှင် ၂၀၀ နီးပါးလာရောက်ဖတ်ရှုခဲ့တယ်၊ စာအုပ် အငှါးအနေနဲ့ကတော့ စာအုပ်ပေါင်း ၆၀ ကျော်ကို ငှါးရမ်းပေးနိုင်ခဲ့ပါတယ်၊ ခုလို ရွေ့လျားစာကြည့်တိုက် Mobile Library ဖွင့်လှစ်ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီကျောက်ဖြူမြို့မှာရှိတဲ့ လူငယ်၊ လူ ရွယ်တွေကို စာဖတ်အားတိုးလာစေဖို့၊ ညနေပိုင်းကမ်းခြေမှာ လာရောက်ပြီး သောက်စားကြတဲ့ အရက် ဝိုင်းတွေပပျောက်စေဖို့၊ အပျော်အပါးလျော့ပြီး စာမဖတ်ပဲကြာလာတဲ့အလေ့ကျင့်နေရာမှာ ခုစာပြန် ဖတ်မယ့်အလေ့အကျင့်တွေဖြစ်လာစေဖို့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ရခြင်းဖြစ်ကြောင်း” ၎င်းအဖွဲ့မှ ကိုကောင်းမြတ်ပိုင်က ပြောကြားသည်။
အဆိုပါ စာပီကမ်းခြီ အဖွဲ့တွင် စာပေဝါသနာရှင်အဖွဲ့ဝင် ၂၀ ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ရွေ့လျားစာကြည့်တိုက် Mobile Library ဆောင်ရွက်ရာတွင် သုတ၊ ရသ၊ ဂျာနယ်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ သတင်းစာ စသည့် စာအုပ်စာစောင်ပေါင်း ( ၇၀၀) ကျော်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နောက်လာမည့် သီတင်းပတ်များတွင်လည်း ၎င်းကမ်းခြေနေရာ၌ပင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်တ စ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း