Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်း သစ်တောစိုက်ခင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၆  

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းစုံအပတောရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်ထားသော ၁/၂၀၂၀ ကျေးရွာသုံးထင်းစိုက်ခင်း ၄၅ ဧကနှင့် သစ်တောဦးစီးဌာနက တည်ထောင်ထားသော ကျေးရွာပိုင်ထင်းစိုက်ခင်း တစ်ရွာ ၂ ဧကတို့၏ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နွားထိုးကြီးမြို့နယ်ရှိ သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခုဖြစ်သည့် မင်းစုံတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ရောက်ရှိရာ တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး  ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဇုန်ခြောက်သွေ့တောဂေဟစနစ်အတွင်းရှိ မြန်မာ့ဒေသရင်း မျိုးစိတ်များ၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသော သားငှက်တိရစ္ဆာန်များ ကျက်စားရာ မူလနေရင်းဒေသ ဖြစ်သည့် မင်းစုံတောင်ရေရှည်တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြည်စေရေး၊ ဒေသခံပြည်သူတို့ အတွက် သဘာဝသယံဇာတ အရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိစေရေးနှင့် မြန်မာ့ကြယ်လိပ် များ မျိုးသုဉ်းပျောက်ကွယ်မသွားစေဘဲ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက် သွားရေး မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့နယ်၊ ရဒါန်းချောင်းဆုံကြိုးဝိုင်း၊ အကွက်အမှတ် ၅၊ ၁၇၊ ၁၈ အတွင်းရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်ထားသော ၄/၂၀၂၁ အထူးစိမ်းတစ်အုပ်တစ်မ သစ်ပင် ၁၃၉၀ ၊ ၁/၂၀၂၁ ကျေးရွာ သုံးစိုက်ခင်း ၂၀ ဧက၊ ၁/၂၀၂၀ ကျေးရွာသုံးစိုက်ခင်း ၂၅ ဧက၊ ၃/၂၀၂၀ အခြားစိုက်ခင်း ၃၅ ဧက၊ ၄/၂၀၂၀ အထူးစိမ်း အပင်၃၀၀၀ နှင့် ၃/၂၀၂၁ အခြားစိုက်ခင်း ၂၅ ဧက၏ ရှင်သန်အောင်မြင် နေမှုများ ကိုလည်းကောင်း၊ ရဒါန်းချောင်းဆုံကြိုးဝိုင်း၊ အကွက်အမှတ် ၁၆၊ ၁၇ အတွင်းရှိ  သစ်တောဦးစီးဌာနက တည်ထောင် ထားသည့် ၃/၂၀၁၉ ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း ၆၅ ဧက၊ ၂/၂၀၂၀ ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ၇၉ ဧက၏ ရှင်သန်အောင်မြင်နေမှုများ ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

         

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေး ကောင်စီရုံးတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၁ မိုးရာသီ၌ မန္တလေးတိုင်းဒေသကြီး အတွင်း လမ်းဘေးဝဲယာ တစ်အုပ်တစ်မစိုက်ပျိုးမည့် အစီအမံများ၊ ကျေးရွာ သုံးထင်း စိုက်ခင်းများ တည်ထောင်မည့် အစီအမံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စ ရပ်များ၊ သတ္တုကဏ္ဍဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတို့ အပြန်အလှန်ပေါင်းစပ် ဆောင်ရွက်ရမည့် ကိစ္စရပ်များ နှင့်ပက်သက်၍ ညှိနှိုင်းဆွေးနွေးရာ တက်ရောက်လာသူများက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက် မည့် အစီအစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

(သတင်းစဉ်)