ဟားခါး ဖေဖော်ဝါရီ ၁၂
ချင်းပြည်နယ် ၊ ဟားခါးခရိုင် ထန်တလန်မြို့တွင် ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းကထန်တလန်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နံနက် ၅ နာရီခွဲ အချိန်တွင် အလံတင်အခမ်းအနားကိုကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊ ဒေသခံတိုင်းရင်းသားပြည်သူများတက်ရောက်ကြပြီး နိုင်ငံတော်အလံအားဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုကြသည်။
ဆက်လက်ပြီး နံနက် ၇ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှပေးပို့သော (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဖတ်ကြားခဲ့သည်။
ယင်းနောက်(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများဖွင့်ပွဲကိုဆက်လက်ကျင်းပရာ ပြခန်းများ ဆောက်လုပ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဦးမာန်ဟင်းဒါးလ်က ပြခန်းများပြသ ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ဌာနဆိုင်ရာ ပြခန်းများအတွင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့တက်ရောက်လာကြသူများအား ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များနှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)