Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူးများအတွက် ရေးဖြေစာမေးပွဲကျင်းပဖြေဆိုမှု လှည့်လည် ကြည့်ရှု အားပေး

နေပြည်တော် ဇွန် ၂၆


ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၃/၂၀၂၀)ပါ ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်း (၁၀) ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး (၁၉၅)နေရာ ရွေးချယ် ပေးရေးအတွက် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ် မှတ်ချက်နှင့်အညီ ဇွန် ၂၆ ရက်နှင့် ၂၇ ရက်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာန(၅)ခု၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ်နှင့် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်း၊   ဇမ္ဗူသီရိမြို့နယ် စာဖြေဌာနများသို့ သွားရောက်၍ စာမေးပွဲ ဖြေဆိုမှုကို ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကို အားပေးစကား ပြောကြားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာန/အဖွဲ့အစည်း အသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့်အရာထမ်းများကို ရွေးချယ်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ပါ ဦးစားပေးနယ်ပယ်တစ်ခုဖြစ်သည့်(Merit-Based) အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန် (Right Person, Right Place) ဖြစ်စေရေး အတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရေးဖြေစာမေးပွဲ သို့ လာရောက်ဖြေဆိုသူ စုစုပေါင်း(၈၂၀) ဦးရှိကြောင်း သိရသည်။


(သတင်းစဉ် )