Skip to main content

ပထဝီနိုင်ငံရေးအရ ဒေသတွင်း၌ အရေးကြီးလာ

“အာရှ-ပစိဖိတ်ဒေသဟာ ပထဝီနိုင်ငံရေးအနေအထားအရ ကမ္ဘာပေါ်တွင် လွန်စွာအရေးပါသော ဒေသတစ်ခုဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် ဒေသဟာ ကမ္ဘာ့စီးပွားရေး ဈေးကွက်၏ သုံးပုံတစ်ပုံ ခန့်ကိုလည်း ပိုင်ဆိုင်ထားပြီး အရေးပါတဲ့ အဓိကပင်လယ် ရေလမ်းကြောင်းများတည်ရှိရာ ဒေသတစ်ခုလည်း ဖြစ်ကြောင်း” ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဆွေးနွေးရာ၌ ပြောကြား ခဲ့သည်။

 

မြန်မာနိုင်ငံပါဝင်သည့် အာရှ-ပစိဖိတ်ဒေသသည် စီးပွားရေးအရဖြစ်စေ၊ လုံခြုံရေးအရဖြစ်စေ လွန်စွာအရေးပါသည့်ဒေသဖြစ်သည်။ မြန်မာနိုင်ငံကို ကြည့်မည်ဆိုပါက အရှေ့အာရှနှင့် တောင်အာရှကို ဆက်သွယ်ပေါင်းကူးပေးရာ နေရာဒေသတစ်ခုဖြစ်သည်။ ကုန်းတွင်းပိုင်းတွင် အနောက်ဘက် တံခါးပေါက်နှင့် အရှေ့ဘက်တံခါးပေါက်ဟုလည်း ဆိုနိုင်သည်။ ပင်လယ်ရေ လမ်းကြောင်းတွင် မုတ္တမပင်လယ်ကွေ့မှ မလက္ကာရေလက်ကြား၏ အရှေ့ဘက်သို့ လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မှ အိန္ဒိယသမုဒ္ဒရာသို့ ထွက်၍ အနောက်ဘက်သို့ လည်းကောင်း ခရီးပေါက်သော ဒေသတစ်ခုဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာအတွင်း၌ နှစ်စဉ်ရေယာဉ်အစင်းပေါင်း တစ်သိန်းကျော် ဖြတ်သန်းသွားလာ လျက်ရှိပြီး မလက္ကာရေလက်ကြား၌ နှစ်စဉ်ရေယာဉ်ပေါင်း ခုနှစ်သောင်းကျော် ဖြတ်သန်း သွားလာလျက်ရှိကာ နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ထရီလီယံတန်ဖိုး ကုန်စည် စီးဆင်းမှု ရှိနေသည်။ ကမ္ဘာ့ရေနံထွက်ကုန် ၈၀ ရာခိုင် နှုန်းခန့်မှာ အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် သယ်ယူပို့ဆောင်လျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်သည် မလက္ကာရေလက်ကြားကို ဖြတ်သန်းလျက်ရှိသည်။ ထို့ကြောင့် အာရှ-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးအရ များစွာအရေးပါလာပြီး ကမ္ဘာ့စီးပွားရေး ဗဟိုချက်တစ်ခု ဖြစ်လာသည့်အပြင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းသစ်၌ မဟာဗျူဟာမြောက်သည့်ဒေသတစ်ခု ဖြစ်လာသည်။

 

အာရှ-ပစိဖိတ် ဒေသတွင်ပါဝင်သည့် မြန်မာနိုင်ငံသည် အရှေ့ဘက်တွင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးမားသော တရုတ်နိုင်ငံနှင့် အနောက်ဘက်တွင် အိန္ဒိယ နိုင်ငံတည်းဟူသော မတူကွဲပြားသည့် အင်အားကြီး နိုင်ငံကြီးနှစ်ခုကြားတွင် တည်ရှိပြီး စီးပွားရေး၊ လုံခြုံရေးအရ အချက်အချာကျသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် အာရှ-ပစိဖိတ် ဒေသသည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ အလားအလာ အကောင်းဆုံးဖြစ်ပြီး နိုင်ငံရေးအရ အရေးပါဆုံးဒေသ ဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံကြီးများက အထူးဂရုစိုက်ကြလေသည်။ ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ် များသည် ပထဝီအနေအထားအရ အရေးကြီးသည့် အနေအထားဖြစ်လာသည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးအနေဖြင့် အရေးပါသည့် မဟာဗျူဟာလမ်းကြောင်းများ ကိုယ်စီရှိကြပြီး ထိုလမ်းကြောင်းပေါ်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ဒေသတစ်ခု နှင့်တစ်ခု ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပေသည်။ နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့် ရှောက်နိုင်ရေးအတွက် မိမိနိုင်ငံ အခြေအနေအရ ကြိုးပမ်းဆောင်ရွက်နိုင်သည့် အခွင့်အရေးများ ရှိသော်လည်း ပထဝီနိုင်ငံရေး အရ အရေးပါသည့်အပေါ်တွင် မူတည်၍ ဖိအားပေးခြိမ်းခြောက်မှုများနှင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ထိပါးသည့်အပြုအမူများကို ရှောင်ရှားရန်လိုအပ်သည်။ အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် မစွက်ဖက်ရေးကို လေးစားလိုက်နာရန် လိုအပ်သည်။

 

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသရှိ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်။ လက်ရှိတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် ဒီမိုကရေစီစနစ် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိစေရန် ရိုးသားစွာဖြင့် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ တရားမျှတခြင်း၊ တန်းတူတန်ဖိုးထားခြင်းနှင့် ညီညွတ်မျှတ သော နိုင်ငံတကာ ဥပဒေများကို အခြေခံ၍ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ နိုင်ငံများအနေဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန်သင့်သည်။

ယခုအခါတွင် ကမ္ဘာ့နိုင်ငံအချို့သည် မဟာဗျူဟာကျသော ပထဝီနိုင်ငံရေးကို ဦးတည်၍ မြန်မာနိုင်ငံအား တစ်ဖက်သတ်ဝါဒစွဲဖြင့် မတူညီသော နိုင်ငံရေးစနစ် နှင့် အတွေးအခေါ်များ လွှမ်းမိုးရန် နည်းလမ်းမျိုးစုံ ကြိုးပမ်းဆောင်ရွက်နေသည်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို အကြောင်းပြ၍ ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်မှုများ ရှိနေရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် သွားမည်ဖြစ်ပါ ကြောင်း။ ။