Skip to main content

ပကတိကို အရှိအတိုင်းသိမြင်

အကြမ်းဖက်သမားတို့၏ အကြမ်းဖက်လုပ်ရပ်များက ပို၍ပို၍ လက်ရဲ ဇက်ရဲဖြစ်လာကြသည်ကို သတင်းများအရ သိရသည်။ အေးချမ်းစွာ နေထိုင်လိုသူပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရိုးသားစွာပရိယေသန ဝမ်းစာရှာဖွေနေထိုင်သူများမှာ အကြမ်းဖက်မှုတို့၏သားကောင်ဘဝသို့ ကျရောက်ရသည်။ အချို့ ဇနီးမောင်နှံအလိုက်၊ အချို့တစ်မိသားစုလုံး ရက်ရက်စက်စက် သတ်ဖြတ်ခံရသည်။

တစ်ကမ္ဘာလုံး မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့ အစည်းကမျှ လက်မခံသည့်အကြမ်းဖက်လုပ်ရပ်များကို မှန်ကန်သယောင်၊ တရား သယောင်ထင်မြင်လာအောင် ဖုံးဖိဖာထေးပေးနေသည့် အကြမ်းဖက် အားပေး အစွန်းရောက်များနှင့် တရားမဝင်မီဒီယာများ၊ ကျင့်ဝတ် သိက္ခာမဲ့မီဒီယာများ၊ အယောင်ဆောင်မီဒီယာများကလည်း မြန်မာ နိုင်ငံတွင် လူအများသုံး မီဒီယာဖြစ်နေသည့် ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ပလူပျံအောင်လှုပ်ရှားနေကြသည်။ တော်လှန်ရေးအမည်ခံကာ ( တပ်မတော်၊ ရဲတပ်ဖွဲ့ စသည့် လက်နက်ကိုင်တပ်ဖွဲ့မဟုတ်သည့်) သာမန်ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေကြခြင်း၊ စာသင်ကျောင်းများကို မီးရှို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ပုဂ္ဂလိကဈေးဆိုင်၊ စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများကို မီးရှို့ဖျက်ဆီးခြင်းတို့မှာ ပြည်သူလူထုအတွင်း အကြောက်တရားကို သွတ်သွင်းနေသည့် အကြမ်းဖက်လုပ်ရပ်သက်သက်သာဖြစ်သည်။ အချို့သောရပ်ရွာ များတွင်ဒေသခံပြည်သူလူထုကို အကြောက်တရားဖုံးလွှမ်းထားစေပြီး ဒေသခံမဟုတ်သည့် လူစိမ်းများဝင်ရောက်မှုတို့ကို သတင်းမပေါက် ကြားစေရန် ခြိမ်းခြောက်ထားကြောင်းသတင်းများကိုလည်း တွေ့ရှိရသည်။

ယခုအခါ မိမိတို့နိုင်ငံကို တည်ငြိမ်အေးချမ်းမှုကင်းမဲ့နေစေရေး၊ ပြည်သူလူထုအတွင်း ကျီးလန့်စာစား အထိတ်တလန့်ဖြစ်နေစေရေး၊ ဖြစ်နိုင်ပါက ပြည်တွင်းစစ်ဖြစ်လာစေရေးအတွက် နည်းလမ်းပေါင်း စုံ၊ ဘက်ပေါင်းစုံမှ သွေးထိုးလှုံ့ဆော်ဘေးတီးမှုများကို ဖေ့စ်ဘုတ်မှတစ်ဆင့် ပြုလုပ်နေကြသည် ကိုလည်း မမြင်ချင်းတစ်ဆုံး တွေ့နိုင်သည်။ တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်ပြောကျကာ သွေးချောင်းစီးမည့် စစ်ကို ပါးစပ်မှ လွယ်လွယ်ပြောသူကပြော၍ ယုံသူကလည်း ယုံကာ အသိဉာဏ် ကင်းမဲ့စွာဖြင့် လိုက်လုပ်လိုသူတချို့လည်း ရှိနေသည်။ လွတ်လပ်ရေးရပြီးကတည်းက လက်နက်စွဲကိုင်ကာ တိုက်ခိုက်ခဲ့ကြသည့် EAO များပင်လျှင် ငြိမ်းချမ်းရေးကို ရှေးရှုကာ စားပွဲဝိုင်း ဆွေးနွေးပွဲများဆီသို့ မျက်နှာမူကြချိန်တွင် နိုင်ငံခြားမှနေ၍ ပြည်တွင်းသို့ လှမ်းရှိနေသည့် မီးကို လက်ခံယူလျှင် လက်ခံမိသူသာ လောင်ကျွမ်းခံရလိမ့်မည် ဖြစ်သည်။ နိုင်ငံသားတိုင်း၊ ပြည်သူတိုင်းက သတင်းတု၊ သတင်းယောင်များနှင့် သွေးထိုးလှုံ့ဆော်မှုများကို သိမြင်နိုင်ကြဖို့နှင့် နိုင်ငံ၏ပကတိအခြေအနေကို မှန်မှန်ကန်ကန်နားလည်နိုင်ကြဖို့ လိုသည်။

မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်သည်။ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းသွားသော နိုင်ငံမဟုတ်။ သို့ရာတွင် လက်ရှိအခြေအနေသည် အရေးပေါ်ကာလ အခြေအနေဖြစ်ပြီး အရေးပေါ်ကာလဟူသည်လည်း တိကျသောအချိန်ကာလသတ်မှတ် ချက်ရှိသည်။ အရေးပေါ်ကာလအတွင်း နိုင်ငံကို တာဝန်ယူသော အစိုးရအဖွဲ့သည်လည်း ထိုကာလအတွင်း ထမ်းဆောင်ရမည့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြခြင်းဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် တပ်မတော်နှင့် နိုင်ငံရေးပါတီစုံတို့မှ ခေါင်းဆောင်များပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ တို့တွင် အရပ်ဘက်မှ တိုင်းရင်းသားခေါင်းဆောင်များ ပေါင်းစပ်၍ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြခြင်းဖြစ်သည်ကို မမေ့မလျော့ခြင်းဖြင့် သတင်းတု၊ သတင်းမှားများကြောင့် နိုင်ငံရေး မျက်စိမလည်ကြစေရန် သတိပြုကြစေလိုပါကြောင်း။   ။