နေပြည်တော် ဇွန် ၂၂
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် လတ်တလော ရောဂါ တွေ့ရှိမှုမြင့်မားလာသော ပြည်နယ်/ တိုင်းဒေသကြီးများတွင် ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ တိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း။
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ အလုံအလောက် ကြိုတင်ပြင်ဆင် စုဆောင်းထား ရှိနိုင်ကာ လိုအပ်သော ဒေသများသို့ အချိန်နှင့်တပြေးညီ ဖြန့်ဖြူးပေး လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် စုံစမ်းမေးမြန်း လိုသည်များ မေးမြန်း နိုင်စေရန် COVID-19 Call Center ကို နေပြည်တော်တွင် စတင် ဖွင့်လှစ်ပြီး ဖြေကြားဆောင်ရွက် ပေးနေပြီဖြစ်ပါကြောင်း၊ လတ်တလောတွင် ပြည်နယ်တိုင်း ဒေသကြီးများ၌ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အတွက် ပြည်နယ်နှင့် တိုင်းဒေသ ကြီးဖြတ်ကျော် ခရီးသွားလာမှုများတွင် ရောဂါစောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်း၊ သံသယ လူနာများအား ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်းနှင့် အသွားအလာ ကန့်သတ်ခြင်းများ ဆောင်ရွက်ရန်တို့ကို ရောဂါဖြစ်ပွားမှုအခြေအနေအပေါ်မူတည်၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်လျက် ရှိပါကြောင်း။
RT-PCR နည်းဖြင့် ကိုဗစ်-၁၉ ရောဂါအား ဓာတ်ခွဲစစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းများ တိုးချဲ့ ဆောင်ရွက်လာနိုင်သည့်အပြင် ပြည်သူ့ဆေးရုံများအပြင် ပုဂ္ဂလိကကဏ္ဍ၊ တပ်မတော် ဆေးရုံများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ ရှိရင်းစွဲဝန်ထမ်းအင်အားများကို စုစည်းပြီး လုပ်ငန်း တာဝန်များကို တတ်နိုင်သမျှ ခွဲဝေထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း။
ပြည်သူ့ဆေးရုံများ၊ ကုသရေးစင်တာများ၊ အသွားအလာကန့်သတ်ထိန်းချုပ်သည့် နေရာများတွင် လူနာများ၏ ရောဂါပြင်းထန်မှုနှင့် ကုသရေးဆိုင်ရာ လိုအပ်ချက် အပေါ် မူတည်၍ ကျန်းမာရေး ဝန်ထမ်းများကို လုပ်ငန်းတာဝန်များ ခွဲဝေချထားပေးရ မည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအစရှိသည့် အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ပြည်သူ့ဆေးရုံများ၊ ကုသရေးစင်တာများတွင် အောက်ဆီဂျင် အလုံအလောက် ရရှိသုံးစွဲနိုင်ရေး ပြည်နယ်တိုင်းဒေသကြီးများအလိုက် အခြေအနေပေါ်မူတည်၍ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်း၊
အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် မထိုးနှံခဲ့သော လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများတွင်လည်း ကာကွယ်ဆေး ထပ်မံထိုးနှံပေးမည်ဖြစ်ပါကြောင်း၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များနှင့် အခြားဒေသများအကြား ကူးလူးသွားလာ နိုင်သည့် လမ်းကြောင်းများရှိဒေသ များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ပိုမိုတင်းကြပ်စွာ အထူးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ပြည်သူ့ကျန်းမာရေးကဏ္ဍမှ ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်း၊ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများ ဖိဖိစီးစီး ပိုမိုအားဖြည့်ဆောင်ရွက်ပြီး ဓာတ်ခွဲနမူနာ တိုးမြှင့်ရယူစစ်ဆေးနိုင်မှသာ ကုသရေးကဏ္ဍ ပြည်သူ့ဆေးရုံများတွင် တက်ရောက်ဆေးကုသရမှုနှင့် ဖြစ်ပွားသေဆုံးမှု လျှော့ချနိုင်မည်ဖြစ်ပါ၍ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို အထူးအားဖြည့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း က ပြည်သူများကြား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် မှန်ကန်သော သတင်း များထုတ်ပြန်နိုင်ရေး၊ ပြည်သူ့ဆေးရုံများနှင့် ကုသရေးစင်တာများတွင် လူနာများအား စနစ်တကျ လက်ခံကုသနိုင်ရေး ပြင်ဆင်ထားရှိရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှု၊ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များ ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ယမန်နေ့ကလည်း ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဝင်ရောက်လာသည့် ပြည်သူများအား နေပြည်တော်အဝင် ဒက္ခိဏသီရိမြို့နယ်၊ စီလမ်းဆုံစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေး စစ်ဆေး ဆောင်ရွက်နေမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)