Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းဦးစီးဌာန(အိုးဘို)နှင့် နေပြည်တော်မြို့ဝင်ရှိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းဦးစီး ဌာန(အိုးဘို)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် (အိုးဘို)အကျဉ်းထောင်ရှိ သံကူကွန်ကရစ် ၃ ထပ် အိပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး အဆောက်အဦအား သတ်မှတ်ပုံစံ၊ သတ်မှတ်အရည် အသွေးများနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်ရေး၊ အဆောက်အဦ စံချိန်စံညွှန်းများ သတ်မှတ်ချက်များနှင့် ကိုက်ညီရေး အင်ဂျင်နီယာများ ဦးဆောင် သည့် စစ်ဆေးရေးအဖွဲ့ဖြင့် လုပ်ငန်းအဆင့်လိုက် အစစ်ဆေးခံနိုင်ရေး၊ တည်ဆောက်ရေး ကာလအတွင်းဌာနမှ ဆောင်ရွက်ပေးရန်ရှိသည့် လိုအပ်ချက်များကို တင်ပြရေးတို့ကို မှာကြားကာ ယခင်စစ်ဆေးညွှန်ကြား ထားရှိမှုများအပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လုပ်ငန်းခွင်အတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အကျဉ်းသားများထားရှိရာ အဆောင်သစ်အား ကြည့်ရှုပြီး အခန်းလိုက် အကျဉ်းသား၊ အကျဉ်းသူများ နေရာချထားမှု၊ ရေလုံလောက်စွာအသုံးပြုနိုင်မှု၊ အကျဉ်းဦးစီးဌာန၏ နေ့အလိုက်ကျွေးမွေးမှု၊ အကျဉ်းထောင်သို့ အကျဉ်းသား(အသစ်)များ ရောက်ရှိလာပါက Quarantine ထားရှိသည့် နေရာတို့ကိုစစ်ဆေးပြီး လက်ရှိနိုင်ငံအသီးသီး၏ ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားကူးစက်လာမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွား ကူးစက်နေသည့် အခြေအနေများနှင့် အကျဉ်းဦးစီးဌာန တပ်ဖွဲ့ဝင်မိသားစုများ၊ အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များကို အလေးအနက်ထား လိုက်နာ ဆောင်ရွက် ကြပ်မတ်နိုင်ရေးတို့ကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အဝင်(စီ)လမ်းဆုံနေရာရှိ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးမှုနှင့် လုံခြုံရေးဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး နေပြည်တော် ကောင်စီမှ သတ်မှတ်ညွှန်ကြားထားရှိသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များကို အလေး ထားလိုက်နာရေး၊ အခြားသောမြို့နှင့် ဒေသအသီးသီးမှ ဝင်ရောက်လာသော ခရီးသွားပြည်သူ လူထုများကို သက်ဆိုင်ရာဝန်ကြီးဌာနက ချမှတ်အသိပေးထားရှိသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အသိပေးခြင်း၊ ရှင်းလင်းပြောကြားခြင်းများကို ကျန်းမာရေးနှင့် လုံခြုံရေး ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးရေး၊ လတ်တလောမြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှု ပြန်လည်မြင့်မားလာသည့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရမည့် ဝန်ထမ်းများ၊ လုံခြုံရေး အဖွဲ့အစည်းများအနေဖြင့် ပေါ့ဆစွာ သဘောမထားဘဲ မိမိတို့ကိုယ်တိုင် တိတိကျကျ လိုက်နာ ကျင့်သုံးရေးနှင့် လုံခြုံရေးအထူးကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)