နေပြည်တော် ဇွန် ၂၂
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့နံနက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအား ဖွဲ့စည်းထားရှိခဲ့ပြီး မြန်မာနိုင်ငံရှိအမျိုး သမီးများအတွက် လိုအပ်သည့်မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ပေးခြင်း၊ ဥပဒေများရေးဆွဲ အတည်ပြုခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အမျိုးသမီးရေးရာ ကိစ္စရပ်များနဲ့ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက်ပေးခြင်းတို့ကို အဓိကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်း ပို့တိုင်ကြားနိုင်ရေးအတွက် (၂၄) နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ထူထောင်ပြီး အကြမ်းဖက်ခံရသူများကို စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများ စီစဉ်ပေးခြင်း၊ တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက် မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ညွှန်းပို့ ချိတ်ဆက်ပေးခြင်းများ ကိုလူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) (၂၅၀) ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အကြမ်းဖက်ခံရသူများကို ပံ့ပိုးပေးမှုအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော် ၊ မုံရွာ စသည့် နေရာ (၆)ခုတွင် One Stop Women Support Center (OSWSC) များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ လူမှုဝန်ထမ်းဦးစီဌာန ညွှန်ကြား ရေးမှူးချုပ်၊ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများက မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်ဌာန ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆုံးဖြတ်ချက်(၉)ရပ်ကို ချမှတ်ခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)