Skip to main content

မြန်မာ-တရုတ်နယ်စပ် နမ့်ဆန်-ကိုးကန့် BP-125 ယာယီဂိတ် ဖွင့်လှစ်ရေးနှင့် ချင်းရွှေဟော်-မုန်တိန် (မိန်းတိန်) နယ်စပ်ဒုတိယဂိတ်သစ်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန်  ၂၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်  မြန်မာ-တရုတ်နယ်စပ် နမ့်ဆန်-ကိုးကန့် BP-125 ယာယီဂိတ် ဖွင့်လှစ်ရေးနှင့် ချင်းရွှေဟော်-မုန်တိန်(မိန်းတိန်) နယ်စပ်ဒုတိယဂိတ်သစ်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု လုပ်ငန်းအား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံ လူဝင်/ ထွက်နှင့် ယာဉ်ဝင်/ထွက် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ချင်းရွှေဟော်-မုန်တိန် (မိန်းတိန်) ဂိတ်သစ်ကို  ဖွင့်လှစ်နိုင်ရေးအပေါ်    ဆက်လက်ဆောင်ရွက်မည့်   ကိစ္စရပ် များအား     ညှိနှိုင်းဆွေးနွေးနိုင်ရန် တိုက်တွန်းလိုပါကြောင်း၊   ချင်းရွှေဟော်-မုန်တိန် (မိန်းတိန်) ဂိတ်သစ်ဖွင့်လှစ်ရေးကိစ္စနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Focal ဝန်ကြီးဌာနအဖြစ် ဆောင်ရွက်ပြီး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် ရန်လုံကျိုင်းတံတား ပြုပြင်ဆောင်ရွက်နေစဉ် ကာလအတွင်း BP-125 အနီး ယခင်စက်မှုဇုန်နေရာကို ယာယီဂိတ်ပေါက်အဖြစ် ဖွင့်လှစ်နိုင်ရေးကိုလည်း သက်ဆိုင်ရာဌာနများက လုပ်ထုံးလုပ်နည်းနှင့်အညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ နယ်စပ်ဂိတ်ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက နယ်နမိတ်မျဉ်းတိုင်းတာပြီးစီးမှု၊ ယာယီဂိတ်နှင့် ဂိတ်အသစ်ဖွင့်လှစ်ရာတွင် လိုအပ်ချက်များ၊ ယာယီဂိတ်အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များကို   ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဆွေးနွေးချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)