မန္တလေး ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မန္တလေးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေး ဆောင်ရွက်ရန် လက်နက်ခဲယမ်းများနှင့်အတူ အကြမ်းဖက်သူတချို့ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ၁၁၁ လမ်းနှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေ စစ်ဆေးဆောင်ရွက်စဉ် အကြမ်းဖက်သူများက လက်ပစ်ဗုံးများ၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အကြမ်းဖက်သူများအဖွဲ့မှ သေဆုံးသူ ၄ ဦး၊ ဖမ်းဆီးရမိသူ ၈ ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံးနှင့် လက်နက်ငယ်တချို့ သိမ်းဆည်းရမိခဲ့သည်။
တစ်ချိန်တည်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၅၃ လမ်းပေါ်မှ စိစစ်ဆဲ ပါကျဲရိုး အဖြူရောင် မော်တော်ယာဉ်တစ်စီးဖြင့် လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ် တိုက်ခိုက် ထွက်ပြေးသွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့သဖြင့် ၁၁၁ လမ်းနှင့် ၅၆ လမ်းထောင့်ရှိ ထရန်စဖော်မာအား အရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီး အဆိုပါမော်တော်ယာဉ်အား သေဆုံးလျက်ရှိသော အကြမ်းဖက်သူ ၄ ဦးနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်အသေးစိတ်အား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#မြဝတီ