Skip to main content

မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ နှင့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများ ကျင်းပ

နေပြည်တော် ဇွန် - ၂၁

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံ တူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီး တော်တင်လှူပူဇော်ခြင်းနှင့် သဒ္ဓမ္မ ဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများကို ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ၊  ဗုဒ္ဓဘာသာဝင် ရုရှား နိုင်ငံသားများ တက်ရောက် ကြည်ညိုကြသည်။

 

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မင်္ဂလာအချိန်တွင် ကျောင်းထိုင်ဆရာတော်အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား ရွှေတိဂုံစေတီတော်ပုံတူတော်မြတ် အထွတ်သို့ပင့်ဆောင်တင်လှူပူဇော်ကြသည်။ ထို့နောက် အမွှေးနံ့သာရည်များ ပက်ဖျန်း ပူဇော်ကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်မှု အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ဗုဒ္ဓါဘိသေကအနေက ဇာတင်မင်္ဂလာအား ဆက်လက်ပြုလုပ်ပြီး တပ်မတော်အကြီးအကဲများ၊ ရုရှားနိုင်ငံရောက် မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ၊ စေတနာ ရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက် ပူဇော်ပြီးစီးခဲ့သည့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချလှူဒါန်းခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အခမ်းအနား တက်ရောက် လာကြသူများက ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့် တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဒ္ဓမ္မဇောတိက သိမ်တော်မြတ် တည်ဆောက်ခြင်းနှင့်သာသနာပြု လုပ်ငန်းများအတွက် အလှူငွေများ၊ သာသနာပြု မော်တော် ယာဉ်နှင့် လှူဖွယ်ပစ္စည်း များအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များက သံဃာတော်အရှင် သူမြတ်များထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ကျောင်းထိုင်ဆရာတော် ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 

အဆိုပါ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သည် မော်စကိုမြို့လယ်၏ အရှေ့ ဘက် ၁၄ ကီလိုမီတာအကွာတွင် တည်ရှိပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ၏ မတည်မှု၊ မော်စကိုရောက် ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော်ဘုရားကြီး နှင့်အတူ ဥရောပ၊ အာရှနှင့် အမေရိကနိုင်ငံများမှ ဆရာတော်များလည်း တက်ရောက် ခဲ့ကြကြောင်း၊ မြန်မာ ထေရဝါဒ ဗုဒ္ဓဝိဟာရ(မော်စကို) သို့မဟုတ် မြန်မာဘုန်းတော်ကြီး ကျောင်းသည် ရုရှားနိုင်ငံရှိ ဗုဒ္ဓသာသနာပြုအဖွဲ့အတွက် အခြေပြုရာ၊ ဘုရားဝတ်ပြု ရာနေရာ၊ ဘာသာသာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ်ရာနေရာ တစ်ခုဖြစ်ကြောင်းနှင့် ကျောင်းထိုင်ဆရာတော် အနေဖြင့်လည်း ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းစေရေးအတွက် သာသနာရေးဆိုင်ရာလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)