Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိ

 


နေပြည်တော် ဇွန် ၂၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၉)ကြိမ် မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021))သို့ တက်ရောက်ရန်အတွက် ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ကြပြီး ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander V.Fomin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

 

ထို့နောက် ခေတ္တတည်းခိုမည့် Metropol Hotel သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး ညအိပ်ရပ်နား ခဲ့ကြကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)