Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းအမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၀          

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော တို့သည် ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ် (၂)သံမဏိစက်ရုံ(ပင်းပက်)သို့ ရောက်ရှိရာ  စက်ရုံမှူးက စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်ရှိသည့်အခြေအနေနှင့် အုပ်ချုပ်မှုဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့က စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်း များ ပြန်လည်စတင် ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံ အနေ ဖြင့် ဆောင်ရွက်နိုင်သည်များ ကို   ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရ မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ၉၈ ဒသမ ၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ ကျန်ရှိနေသော  လုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေး အတွက် ဝန်ထမ်းအားလုံးမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ယင်းနောက် သံသတ္ထုမိုင်းရှုရပ်၊ Primary Sizing Area,  Secondary Sizing Area, Lime and Dolomite Plant, Romelt Plant Area  ရှိ  စက်ပစ္စည်းကိရိယာများ တပ်ဆင် ပြီးစီးမှုအခြေအနေတို့ကို စက်ရုံတစ်ရုံချင်း အသေးစိတ် လှည့်လည်ကြည့်ရှုစစ်ဆေး၍ သံစိမ်းကုန်းကြမ်းနှင့် ကုန်ချောများ၏ အရည်အသွေး ထိန်းသိမ်းရေးအတွက် စံချိန်စံညွှန်း များ သတ်မှတ်နိုင်ရေးလိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးသည်။

 

အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)ရှိ စီမံကိန်းလုပ်ငန်းများ ပြီးစီးပါက တစ်နှစ်လျှင် သံစိမ်း (Pig Iron) တန်ချိန် (၂၀၀၀၀၀) ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ သံနှင့်သံမဏိဆိုင်ရာ ဆက်စပ်လုပ်ငန်းများဆောင် ရွက်နေသည့် စက်ရုံကြီးများ၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းထောက်ပံ့ ပေးနိုင်မည့်အပြင် ဒေသခံများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မြင့် နည်းပညာ လွှဲပြောင်းရယူရေးတွင်   များစွာ အထောက်အကူပြုမည့် စက်ရုံဖြစ်သည်။

 

ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော တို့သည် ဟဲဟိုးမြို့ရှိ  မြင်းမွေးမြူရေးဌာနတွင် လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 (သတင်းစဉ်)